ချီလီနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ဒီသီတင်းပတ်ကုန်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ပန်ဂီပူယီမြို့အတွင်းမှာတင် အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့ရသလို လူထောင်ပေါင်းများစွာလည်း အိမ်တွေကို စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရပါတယ်။
ဒါ့အပြင် လမ်းမြေပြိုကျပြီး မြေတွင်းပေါက်ကြီးတခု ဖြစ်သွားခဲ့ရာမှာ ကားတစီးပါ နစ်မြုပ်သွားပါတယ်။
အဆိုးရွားဆုံး ဘေးသင့်ခဲ့တဲ့ အာရောက်ကာနီးယား ဒေသ၊ အန်ဂိုးလ်မြို့မှာတော့ ရေတက်လာလို့ ပိတ်မိနေတဲ့ ဒေသခံတွေကို ဩဂုတ် ၃ ရက်က ရဲနဲ့ စစ်တပ်က လှေတွေနဲ့ လိုက်လံကယ်ဆယ်ခဲ့ရပါတယ်။
ချီလီစစ်တပ်ရဲ့ အူဆာရတ်စ် တပ်ဖွဲ့မှူး ဆီဘက်စတီယန် အာရန်ကီ ပါဒီလာ ကတော့ ဒီလို ဆိုးရွားတဲ့ ရေကြီးရေလျှံမှုတွေကြောင့် ဒေသခံတွေကို ကူညီဖို့အတွက် သူတို့တပ်ဖွဲ့ဝင်တွေဟာ အမျိုးသားကာကွယ်ရေး အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
မိုးရေနဲ့ ရေစီးကြောင့် ရေပြင်ဟာ အနီးအနားက ချောင်းတခုနဲ့ သွားပေါင်းမိပြီး အားကောင်းကောင်းနဲ့ ရေစီးသန်လာခဲ့တာကြောင့် ဒေသခံတွေဟာ ရေထဲကနေ ထွက်ပြေးဖို့ အတော်လေး ထိတ်လန့်ခဲ့ကြရပါတယ်။
မော်လယ်ဒေသ၊ ကွန်စတီကျူစီယွန်းမြို့မှာဆိုရင် မိုးရေကြောင့် ပျော့ကျသွားတဲ့ လမ်းပေါ်မှာ ဗွက်ပေါက်ကြီး ဖြစ်သွားခဲ့ပြီး ကားပိုင်ရှင် အာမီဒါ အီချီဗာရီးယားရဲ့ ဂျစ်ကားဟာ ၁ မီတာ (၃ ပေခွဲနီးပါး) လောက်အထိ တဖြည်းဖြည်းချင်း နစ်ဝင်သွားခဲ့တာပါ။
တဖက်မှာလည်း မီးသတ်သမားတွေဟာ ရေဝင်နေတဲ့ အိမ်တွေထဲက ရေတွေကို စုပ်ထုတ်တာ၊ ရွှံ့နွံတွေဖုံးနေတဲ့ လမ်းတွေကို ရှင်းလင်းတာတွေ လုပ်ဆောင်နေကြသလို စက်ယန္တရားကြီးတွေနဲ့လည်း အပျက်အစီးတွေကို ရှင်းလင်းနေကြရပါတယ်။
ဒီမိုးသက်မုန်တိုင်းကြောင့် လူပေါင်း ၁,၁၄၂ ယောက် ထိခိုက်ခံစားခဲ့ရပြီး ၁၁၉ ယောက်မှာ ခိုလှုံရေးစခန်းတွေ ရောက်ရှိနေကာ ၆,၂၄၃ ယောက်မှာတော့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက် ပိတ်မိနေတယ်လို့ ချီလီ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးအေဂျင်စီ (SENAPRED) ရဲ့ အမျိုးသားညွှန်ကြားရေးမှူး အလီစီယာ ဆယ်ဘရီယန်က ပြောပါတယ်။
ဒါ့အပြင် အိမ် ၂၅ လုံး ပြာကျ ပျက်စီးသွားခဲ့ပြီး ၆၃၂ လုံးကတော့ ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
Source: Reuters










