DVB Logo
Home
မြန်မာသတင်း
ထန်းရှောက်ခန်ရွာက ရိုဟင်ဂျာများ တရားမျှတမှုမရသေးဟု HRW အစီရင်ခံစာထုတ်ပြန်ပြော
DVB
·
May 21, 2026
Photo: HRW
Photo: HRW
Donate to DVB

အာရက္ခတပ်တော် (AA)က ငြင်းဆိုထားခဲ့တဲ့ ဘူးသီးတောင်၊ ထန်းရှောက်ခန်ကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရိုဟင်ဂျာတွေ နစ်နာမှုအတွက် တရားမျှတမှု မရရှိသေးတဲ့အကြောင်း အမေရိကန် အခြေစိုက်လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က မေ ၁၈ ရက်မှာ အစီရင်ခံစာ ထုတ်ပြန် ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဟွိုင်ယာဆီရီ (ထန်းရှောက်ခန်) ကျေးရွာမှာ ၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ  အာရက္ခတပ်တော် (AA)က ရာနဲ့ချီတဲ့  ရိုဟင်ဂျာတွေ သတ်ဖြတ်၊ ဒဏ်ရာ ရစေခဲ့ပြီး သူတို့ရဲ့ ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ HRW က စွပ်စွဲထားပြီး အချိန် ၂ နှစ် အကြာမှာလည်း အသက်ရှင်ကျန်ရစ်သူတွေဟာ နေရပ်မပြန်နိုင်သေးဘဲ အများစုမှာ ထိန်းသိမ်းခံထားရဆဲပဲလို့ ဆိုပါတယ်။ 

အာရက္ခတပ်တော် (AA) ဘက်ကတော့ ဒီဖြစ်ရပ်အပေါ် မိမိတို့မှာ တာဝန်မရှိကြောင်း ငြင်းဆိုထားပြီး ဖြစ်ပါတယ်။ 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး  HRW အဖွဲ့က  “နေရာအနှံ့ ပြန့်ကျဲနေသော အရိုးစုများနှင့် ဦးခေါင်းခွံများ’ - မြန်မာနိုင်ငံ ဟွိုင်ယာဆီရီ (ထန်းရှောက်ခန်) ရွာရှိ ရိုဟင်ဂျာမွတ်စလင်များကို အာရက္ခတပ်တော်က သတ်ဖြတ်မှု” လို့ အမည်ရတဲ့ စာမျက်နှာ ၅၆ မျက်နှာပါ အစီရင်ခံစာကို ထုတ်ပြန်လိုက်တာပါ။ 

အဆိုပါ တိုက်ခိုက်မှုမှာ အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်ရေးသမားတွေဟာ အနီးအနားက မြန်မာ စစ်တပ်အခြေစိုက်စခန်း ၂ ခုကို ထိုးစစ်ဆင်အပြီး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြတဲ့ လက်နက်မဲ့ ရွာသားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြတာလို့ HRW က ဆိုပါတယ်။ 

ဒီသတ်ဖြတ်မှုရဲ့ အသေးစိတ်အချက်အလက်တွေဟာ အသက်ရှင်ကျန်ရစ်သူတချို့ ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားနိုင်ငံတွေဆီ ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ နောက်ပိုင်း တနှစ်ကျော်ကြာမှသာ စတင်ထွက်ပေါ်လာခဲ့တာလို့ ဆိုပါတယ်။

HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး မီနတ်ခ်ရှီ ဂန်ဂူလီက  “၂၀၂၄ ခုနှစ်အတွင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာ အရပ်သား ရာပေါင်းများစွာကို အာရက္ခတပ်တော်က သတ်ဖြတ်ခဲ့တာနဲ့ သူတို့ရဲ့ ကျေးရွာကို မီးရှို့ခဲ့တာဟာ မြန်မာစစ်ကောင်စီနဲ့ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခကို ပိုမို ဆိုးရွားတဲ့ စက်ဆုပ်ဖွယ် အခြေအနေတခုဆီ အရှိန်မြှင့်တွန်းပို့လိုက်တာ ဖြစ်ပါတယ်။ ဒီနေ့ အချိန်မှာတော့ သတ်ဖြတ်မှုကနေ အသက်ရှင်ကျန်ရစ်သူတွေဟာ အာရက္ခတပ်တော်ရဲ့ ထိန်းသိမ်းမှု ကို ခံနေရသလို ဖြစ်နေပြီး အဖွဲ့အနေနဲ့ နစ်နာကြေးပေးတာမျိုး ဒါမှမဟုတ် တာဝန်ရှိသူတွေကို အရေးယူတာမျိုး ဘာမှမလုပ်ဆောင်သေးပါဘူး” လို့ ပြောပါတယ်။

HRW အဖွဲ့ဟာ မျက်မြင်သက်သေတွေနဲ့ အသက်ရှင်ကျန်ရစ်သူ ဒါဇင်ပေါင်းများစွာကို မေးမြန်းခဲ့ပြီး သူတို့ရဲ့ ပြောပြချက်တွေကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့သလို ဓာတ်ပုံနဲ့ ဗီဒီယိုတွေကိုလည်း စိစစ်အတည်ပြုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာအာဏာရှင်တပ်တွေနဲ့ အာရက္ခတပ်တော်တို့ကြား တိုက်ပွဲတွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ပြန်လည်စတင်ခဲ့တာပါ။

နှစ်ဖက်စလုံးဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ မီးရှို့တာနဲ့ တရားမဝင် စစ်သား စုဆောင်းတာတွေ အပါအဝင် ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

HRW ရဲ့ စုံစမ်းတွေ့ရှိချက်တွေဟာ သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေအနေနဲ့ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဝင်တွေကိုသာ ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ အာရက္ခတပ်တော်က HRW ဆီ ပေးပို့တဲ့စာထဲမှာ တုံ့ပြန်ပြောဆို ထားချက်တွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

အာရက္ခတပ်တော် (AA) တိုက်ခိုက်ရေးသမားတွေဟာ အဖြူရောင်အလံတွေ ဝှေ့ယမ်းပြီး ဟွိုင်ယာဆီရီရွာကနေ ထွက်ခွာလာကြတဲ့ အရပ်သားအုပ်စုကို စတင်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ 

“ပထမဆုံး ကျနော့်သားလေး ကျည်ဆန်ထိမှန်ခဲ့တယ်။ အဲဒီနောက် ကျနော့်ဇနီးနဲ့ သမီးရင်ခွင်ပိုက်လေး သေနတ်မှန်ခဲ့ပြီး၊ ပြီးတော့ နောက်သမီးတယောက်ပါ အပစ်ခံရတယ်” လို့ အမျိုးသားတဦးက ပြောလိုက်သလို ရွာသားတွေ နောက်ကြောင်းပြန်လှည့်ပြီး ထွက်ပြေးဖို့ ကြိုးစားကြချိန်မှာလည်း တိုက်ခိုက်ရေးသမားတွေက ဆက်လက်ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ခိုက်ရေးသမားတွေဟာ ဗလီတခုရဲ့ ဘေးက လယ်ကွင်းထဲမှာ ရွာသားအုပ်တစုကို စုဝေးစေခဲ့တယ်လို့ အမျိုးသမီးတယောက်က ပြောပါတယ်။ 

“မိနစ်ပိုင်းအတွင်းမှာပဲ သူတို့က ဘာမှမပြောဘဲ ကျမတို့ဆီကို ရမ်းသန်းပစ်ခတ်ပါတော့တယ်။ ဘယ်သူ့ကိုမှ မချန်ခဲ့ပါဘူး။ ကျမအမျိုးသားလည်း ကျည်ဆန်ထိမှန်ခဲ့တယ်၊ သူ အသက်ရှင်နေသေးတာကို မြင်တော့ အာရက္ခတပ်တော်သားတွေက အနားကို တိုးလာပြီး သူ့ကို သေနတ်နဲ့ အကြိမ်ကြိမ် ထပ်ပစ်ခဲ့ကြတယ်။" 

HRW အဖွဲ့ဟာ ဟွိုင်ယာဆီရီ သတ်ဖြတ်မှုအပြီး သေဆုံးသွားခဲ့သူ၊ ဒါမှမဟုတ် လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်တဲ့ ကလေးငယ် ၉၀ နီးပါးအပါအဝင် ရွာ သား ၁၇၀ ကျော်ရဲ့ စာရင်းကို ပြုစုထားပြီး အမှန်တကယ် သေဆုံးသူအရေအတွက်ဟာ ဒီထက်မက ပိုမိုများပြားနိုင်ခြေ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အဆိုပါ ကျေးရွာအတွင်း နေရာ ၃ နေရာမှာ လူသေရုပ်ကြွင်းတွေ ရှိနေတာကို ပြသနေတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို စိစစ်အတည်ပြုခဲ့ပြီး ဒီနေရာတွေထဲက ၂ နေရာမှာ လူသေရုပ်ကြွင်းတွေနဲ့အတူ အရပ်သားအဝတ်အစားတွေကို မြင်တွေ့ရသလို ဂြိုဟ်တုဓာတ်ပုံတွေအရလည်း အာရက္ခ တပ်တော်သားတွေဟာ ဟွိုင်ယာ ဆီရီရွာကို မီးရှို့ခဲ့ပြီး ရွာကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တရွာလုံးကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သက်သေတွေဟာ မျက်မြင်သက်သေတွေရဲ့ ပြောပြချက်တွေနဲ့ ကိုက်ညီ နေတယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာတော့ အာရက္ခတပ်တော်က ဟွိုင်ယာဆီရီရွာက အသက်ရှင်ကျန်ရစ်သူ ဒေသခံအားလုံးကို အနီးနားက ယာယီစခန်းတခုဆီ ပြောင်းရွှေ့ဖို့ အမိန့်ပေးခဲ့ပြီး နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တဲ့ ရွာသားတွေက သူတို့မှာ သွားလာလှုပ်ရှားခွင့် ပိတ်ပင်ခံထားရကြောင်း၊ အဓမ္မလုပ်အားပေး ခိုင်းစေခံရကြောင်းနဲ့ အစားအစာနဲ့ ဆေးဝါးကုသမှု ပြင်းပြင်းထန်ထန် ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း HRW အဖွဲ့ကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ဩဂုတ်လအတွင်းမှာပဲ အဆိုပါလက်နက်ကိုင်အဖွဲ့က ဟွိုင်ယာဆီရီရွာဆီကို မီဒီယာတွေ လာရောက်ခွင့်ကို ထိန်းချုပ်ခဲ့ပြီး အဲဒီခရီးစဉ်မှာ အသက်ရှင် ကျန်ရစ်သူတွေအနေနဲ့ အရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ကိစ္စမှာ အာရက္ခတပ်တော်မှာ အပြစ်မရှိကြောင်း ထွက်ဆိုချက်အတုတွေပေးဖို့ အတင်းအဓမ္မ ခိုင်းစေခြင်းခံခဲ့ရတယ်လို့ သူတို့က ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၀ စုနှစ်တခုအတွင်းမှာ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်း လူမျိုးစုအလိုက် ရှင်းလင်းမှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေနဲ့ တခြားရက်စက်ကြမ်းကြုတ်မှုတွေ ကို ကျူးလွန်ခဲ့တာကြောင့် ရိုဟင်ဂျာ ၁ သန်း ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေမှာ   စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေဟာ စစ်အာဏာရှင်တပ်တွေနဲ့ ပူးပေါင်းပြီး အာရက္ခတပ်တော် (AA) ကို တိုက်ခိုက်ခဲ့တာလည်း ရှိပါတယ်။  

HRW အဖွဲ့ကတော့ ဟွိုင်ယာဆီရီရွာက သတ်ဖြတ်မှုဟာ လက်ရှိ အာရက္ခတပ်တော် ထိန်းချုပ်ထား တဲ့ နယ်မြေတွေမှာတောင် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် စိတ်မချရသေးဘူးဆိုတာကို ပေါ်လွင်စေတယ်လို့ ပြောပါတယ်။

HRW အဖွဲ့မှ ဂန်ဂူလီက  "၂၀၂၄ ခုနှစ်အတွင်း ဟွိုင်ယာဆီရီရွာက ရိုဟင်ဂျာအရပ်သားတွေ ကြုံတွေ့ခဲ့ရတဲ့ ဆိုးရွားတဲ့ အခြေအနေတွေအပေါ် မြန်မာစစ်တပ်က ဂရုမစိုက်သလို ရှိခဲ့ပြီး အဲဒီ အချိန်ကတည်းက စစ်ကောင်စီဟာ သူတို့ရဲ့ ကျယ်ပြန့်တဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းဖို့ ဘာမှမလုပ်ဆောင်ခဲ့ပါဘူး။ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ အာရက္ခတပ်တော် နှစ်ဖက်စလုံးကို ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအသိုက်အဝန်းအားလုံးရဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ အရေးတကြီး ဖိအားပေး တိုက်တွန်းသင့်ပါတယ်” လို့ ပြောပါတယ်။

ဒါကြောင့်မို့ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော်တို့ဟာ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ကို ချက်ချင်းရပ်တန့်သင့်ပြီး မတရားဖမ်းဆီးထားတဲ့ အရပ်သားအားလုံးကို လွှတ်ပေးကာ ထိခိုက် နစ်နာခဲ့ရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို နစ်နာကြေး ပေးဆောင်သင့်တယ်လို့ ပြောလိုက်ပါတယ်။

ထန်းရှောက်ခံရွာက ရွာသား ၆၀၀ ကျော်ကို အာရက္ခတပ်တော် (AA) က သတ်ဖြတ်ခဲ့တယ်၊ အရိုးစုတွေလည်း တွေ့ရှိခဲ့တယ်ဆိုတဲ့  စွပ်စွဲရေးသားချက်တွေဟာ မဟုတ်မမှန် လိမ်လည် လုပ်ကြံ ဖန်တီးတာသာ ဖြစ်တယ်လို့ AA က တုံ့ပြန်ပြောထားသလို  မောင်တောခရိုင်အတွင်းရှိ အစ္စလာမ် ဘာသာဝင်အကြီးအကဲတွေအပါအဝင် တက်ကြွလှုပ်ရှားသူတွေကလည်း ပြီးခဲ့တဲ့နှစ် ဩဂုတ် ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ထန်းရှောက်ခံရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ကတော့ ဒီစွပ်စွဲချက်တွေဟာ ကိုယ်ကျိုးရှာတဲ့ လူတစုက သူတို့ လုပ်နေကျအတိုင်း အခြေအမြစ် မရှိတဲ့ လုပ်ကြံဖန်တီး စွပ်စွဲချက်တွေသာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် AA က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ ပြောပါတယ်။

၂၀၂၄ ခုနှစ် မေ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ထန်းရှောက်ခံရွာမှာ စစ်တပ်နဲ့ AA တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရာနဲ့ချီ သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

ဦးခိုင်သုခက “အဲဒီ ထန်းရှောက်ခံရွာမှာ တိုက်ပွဲ ၃ ရက်လောက် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အကြမ်းဖက် စစ်ကောင်စီဘက်က အနည်းဆုံး ၂၀၀ ဝန်းကျင်လောက် ကျဆုံးခဲ့ပါတယ်။ ဒါကြောင့်မို့ အဲဒီနေရာမှာ အလောင်းတွေ့‌တာ။ အလောင်းတွေပုံသွားတဲ့ အခြေအနေမျိုးပါ။ တချို့အလောင်းတွေကို အကြမ်းဖက်စစ်ကောင်စီက အလောင်း ၂၀၊ ၃၀ ကို တတွင်း အဲဒီလိုမြှုပ်ထားတာတွေ ရှိခဲ့ပေမဲ့ တချို့ အလောင်း ၁၀၀ နီးပါးက မမြှုပ်နိုင်ဘဲနဲ့ ကျန်ခဲ့တာ ရှိပါတယ်။ အခုစွပ်စွဲပြီးပြောဆိုထားတဲ့ ဓာတ်ပုံတွေဟာ အကြမ်းဖက် စစ်ကောင်စီက ဆောင်းတဲ့ ဦးထုပ်တွေ။ နောက်ပြီး သေနေတဲ့ အလောင်းတွေရဲ့ အရိုးစုတွေမှာ ဝတ်ဆင်ထားတဲ့ စစ်ဖိနပ်တွေ၊ အဲဒါတွေက သက်သေတွေပဲ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဘက်က ကျဆုံးသွားတဲ့ စစ်သားအလောင်းတွေပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ထန်းရှောက်ခံရွာမှာ လူတွေ အစုလိုက်အပြုံလိုက် သေဆုံးနေတဲ့ ရုပ်အလောင်းတွေနဲ့ ပတ်သက်လို့  နိုင်ငံတကာ ပါဝင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတရပ်ကို ခွင့်ပြုပေးဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဌာနက အရင်က ပြောခဲ့ဖူးပါတယ်။

ထန်းရှောက်ခံရွာမှာ ရိုဟင်ဂျာပြည်သူ့စစ်သား ၂၀၀ ကျော်အပါအဝင် စစ်ကောင်စီတပ်သားတွေ ၅၀၀ ဝန်းကျင်နဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာလို့  AA ရဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရတဲ့ စကခ ၁၅ ဒုတပ်မမှူး ဗိုလ်မှူးကြီး ကောင်းမြတ်က ဒေသတွင်းမီဒီယာတွေမှာ ဖြေကြားခဲ့ပါတယ်။

ဘူးသီးတောင်မြို့နယ်၊ ငှက်သေးကျေးရွားအုပ်စုရှိ ထန်းရှောက်ခံရွာမှာ ၂၀၂၃ ခုနှစ် သန်းခေါင် စာရင်းအရ အိမ်ခြေ ၁၁၄ အိမ်၊ လူဦးရေ ၉၃၃ ယောက်ရှိပြီး လက်ရှိ ကောက်ယူထားတဲ့ စာရင်းအရ ဘူးသီးတောင်မြို့နယ်အတွင်း နေထိုင်သူ ၇၉၀ ယောက်နဲ့ ပြည်ပထွက်ခွာသွားသူ ၁၃၈ ယောက် စုစုပေါင်း ၉၂၈ ယောက် ရှိတယ်လို့ အာရက္ခတပ်တော် (AA)နဲ့ ဒေသခံ ဘာသာရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013