DVB Logo
Home
မြန်မာသတင်း
ရောဂါအခံရှိသူများ ကိုဗစ်ကူးစက်ခံရလျှင် အသက်အန္တရာယ်စိုးရိမ်ရသဖြင့် ကာကွယ်ဆေးထိုးသင့်
DVB
·
January 24, 2021
ရောဂါအခံရှိသူများ ကိုဗစ်ကူးစက်ခံရလျှင် အသက်အန္တရာယ်စိုးရိမ်ရသဖြင့် ကာကွယ်ဆေးထိုးသင့်
Donate to DVB

သွေးတိုး၊ နှလုံး၊ ကင်ဆာ ဆီးချို စတဲ့ နာတာရှည် ရောဂါအခံရှိသူတွေဟာ ကိုဗစ်-၁၉ ကူးစက်ခံရရင် အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ကာကွယ်ဆေး ထိုးသင့်သူတွေ ဖြစ်တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ 

အိန္ဒိယက ပေးပို့လှူဒါန်းထားတဲ့ COVISHIELD နဲ့ပတ်သက်ပြီး သိသင့်တဲ့ အချက်အလက်တွေကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီဆေးဟာ လက်ရှိ မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်နဲ့ အထက် လူကြီးတွေကို ထိုးနှံဖို့ အရေးပေါ်အနေနဲ့ ခွင့်ပြုထားတဲ့ တမျိုးတည်းသော ဆေးဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတွေ၊ သံသယလူနာတွေနဲ့ ရောဂါလက္ခဏာ သက်သာပျောက်ကင်းသွားပြီး ၁၄ ရက် မကျော်သေးတဲ့သူတွေ၊ ဖျားတာ၊ ချောင်းဆိုးတာ၊ ရုတ်တရက် အနံ့အရသာပျောက်တာ၊ အသက်ရှူရခက်တာ စတဲ့ ကိုဗစ်-၁၉ သံသယလက္ခဏာ ရှိနေသူတွေ၊ နို့တိုက်မိခင်နဲ့ ကိုယ်ဝန်ဆောင်တွေ၊ အသက် ၁၈ နှစ်အောက်တွေကတော့ ကာကွယ်ဆေး မထိုးသင့်ပါဘူး။

ကိုယ်အင်္ဂါအစားထိုး ခွဲစိတ်ကုသခံထားသူတွေ၊ ခုခံအားကျရောဂါရှိနေသူတွေနဲ့ ခုခံအားကျဆင်းတဲ့ ဆေးဝါးတခုခုသုံးစွဲနေရသူ‌တွေကတော့ ကာကွယ်ဆေးထိုးဖို့ သင့် မသင့်ကို သက်ဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့ ကြိုတင်တိုင်ပင်ရမယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အခု ထိုးနှံမယ့် ကာကွယ်ဆေးဟာ ပထမအကြိမ်ထိုးပြီးနောက် ၄ ပတ်ခြား နောက်တကြိမ်ထိုးရမှာဖြစ်ပြီး နောက်ဆေးတမျိုးကို ပြောင်းထိုးလို့တော့ မရပါဘူး။

ကာကွယ်ဆေးထိုးပြီးရင် သာမာန်အားဖြင့် လူ ၁၀ ယောက်မှာ ၁ ယောက်ထက်ပိုပြီး ဆေးထိုးတဲ့နေရာမှာ နာတာ၊ နီတာ၊ ရောင်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်တာ၊ နုံးချိတာ၊ မအီမသာဖြစ်တာတွေ ကြုံရတတ်ပါတယ်။

လူ ၁၀ ယောက်မှာ ၁ ယောက်လောက်ကတော့ ဆေးထိုးတဲ့နေရာမှာ အကျိတ်ငယ်ဖြစ်တာ၊ ဖျားတာ၊ အန်တာ၊ ရာသီတုပ်ကွေးလို အာသီးရောင်တာ၊ နှာချေချောင်းဆိုးတာ၊ ချမ်းတုန်တာ စတာတွေ ဖြစ်တတ်ပါတယ်။

လူ ၁၀၀ မှာ ၁ ယောက်လောက်ကတော့ မူးဝေတာ၊ ယားယံတာ၊ ချွေးထွက်လွန်တာ၊ အစာစားချင်စိတ်လျော့နည်းတာ၊ ဗိုက်အောင့်တာ၊ ပြန်ရည်ကျိတ်များကြီးတာတို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးနဲ့ ဓာတ်တည့်မှု ရှိ၊ မရှိ သိနိုင်ဖို့၊ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိ၊ မရှိ သေချာစေဖို့အတွက် ဆေးထိုးပြီးရင် အဲဒီနေရာမှာပဲ နာရီဝက်လောက် စောင့်ဆိုင်းနေဖို့လည်း ကျန်းမာရေးဌာနက သတိပေးထားပါတယ်။

ပြီးတော့ ပထမအကြိမ်ဆေးထိုးပြီးတဲ့ မှတ်တမ်းကိုလည်း သေသေချာချာ သိမ်းဆည်းထားဖို့ လိုတယ် လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရှေ့တန်းကနေ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ဗဟို၊ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊  လွှတ်တော်ကိုယ်စားလှယ်တွေကို ပထမအသုတ်အနေနဲ့ စတင်ထိုးနှံပေးမှာဖြစ်ပြီး ကျန်လူအုပ်စုတွေ ကိုလည်း ကာကွယ်ဆေးရတဲ့အပေါ်မူတည်ပြီး ဆက်လက်ထိုးပေးမယ်လို့ ဆိုပါတယ်။

ရန်ကုန်ကမြို့နယ်တွေမှာတော့ ကာကွယ်ဆေးထိုးဖို့ ရပ်ကွက်အလိုက် စာရင်းတွေ ကောက်ယူနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013