
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွှေဂုံတိုင်ကျေးရွာအုပ်စုမှာ ဇူလိုင် ၈ ရက်က စစ်အာဏာရှင်ခန့် ကျေးရွာချုပ်ရေးမှူးနဲ့ ကျေးရွာတာဝန်ခံတို့ကို အမည်မသိလက်နက်ကိုင်အဖွဲ့ဝင် ၅ ယောက်က သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့မနက်အစောပိုင်းက ရွှေဂုံတိုင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး အသက် ၅၀ ကျော်အရွယ် ဦးအောင်ဆန်းမင်းနဲ့ ရွှေဒုံးကျေးရွာအုပ်ချုပ်ရေးတာဝန်ခံ အသက် ၄၅ နှစ်အရွယ် ဦးဇော်သန်းတို့ဟာ ရွှေဂုံတိုင်ကျေးရွာက လပြည့်ဝန်း လက်ဖက်ရည်ဆိုင်မှာထိုင်နေစဉ် လက်နက်ကိုင်အဖွဲ့တဖွဲ့က သေနတ်နဲ့ ပစ်သတ် သွားတာလို့ဆိုပါတယ်။
ဒေသခံတယောက်က “ပစ်ခတ်ခံရတဲ့နေရာမှာ တခါတည်း သေဆုံးသွားတာ။ လက်ဖက်ရည်ဆိုင်ထဲကို ဝင်ပစ်သွားတာ။ ကျေးရွာတာဝန်ခံ ကိုဇော်သန်းနဲ့ အုပ်ကြီး အောင်ဆန်းမင်းတို့ လက်ဖက်ရည်ဆိုင်မှာ ရှိနေတာကို အတိအကျ သိလို့လာပစ်သွားတာပေါ့” လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်တဲ့ နေရာကို စစ်အာဏာရှင်တပ်က လာရောက်စစ်ဆေးခဲ့ပြီး ပစ်သတ်သွားသူတွေက PDF တွေလို့ စစ်အာဏာရှင် လက်အောက်ခံ တယ်လီဂရမ်းချန်နယ်တွေက စွပ်စွဲ ရေးသားဖြန့်ဝေနေပါတယ်။
ဇွန် ၁၅ ရက်ကလည်း မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာ၊ အထက်တန်ကျောင်းခွဲက ကျောင်းအုပ်ဆရာမ ဒေါ်နီလာဝင်းနဲ့ အမျိုးသားဖြစ်သူကို ဇော်လတ်တို့ကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်သတ်ခဲ့ပါတယ်။
ဒေသအတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်က ဇူလိုင် ၉ ရက်အထိ အဆိုပါဖြစ်စဉ်ကို သတင်းထုတ်ပြန်တာမရှိပါဘူး။










