
မန်ချက်စတာစီးတီး တိုက်စစ်မှူး အားလင်းဟာလန်းဟာ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ နော်ဝေနိုင်ငံ၊ ဘရိုင်းနားမြို့က စာကြည့်တိုက်ကို ၁၆ ရာစုနှောင်းပိုင်းက ထုတ်ဝေခဲ့တဲ့ အလွန်ရှားပါးတဲ့ ဗိုက်ကင်း ရာဇဝင်စာအုပ် တအုပ်ကို လှူဒါန်းလိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ် ဟာလန်းနဲ့ သူ့ရဲ့ဖခင်ဖြစ်သူတို့ဟာ ဒီစာအုပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက နော်ဝေခရိုနာ ၁ ဒသမ ၃ သန်း (ဗြိတိန်ပေါင် ၁ သိန်းခန့်)နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ဒါဟာ နော်ဝေနိုင်ငံမှာ စာအုပ် တအုပ်အတွက် အမြင့်ဆုံး အရောင်းအဝယ်မှတ်တမ်းလည်း ဖြစ်ပါတယ်။
၁၃ ရာစု သမိုင်းပညာရှင် စနော်ရီ စတားလူးဆန်း ရေးသားခဲ့တဲ့ ဒီစာအုပ်မှာ ရှေးခေတ်ဗိုက်ကင်း ဘုရင်တွေ၊ မိဖုရားတွေနဲ့ စစ်သည်တော်တွေအကြောင်းပါဝင်ပြီး ဟာလန်းက "ကျနော်ရဲ့ ဇာတိမြေ က လူတွေအကြောင်းကို လူတိုင်း ဖတ်ရှုနိုင်စေဖို ဒီစာအုပ်ကို လှူဒါန်းတာပါ" လို ပြောပါတယ်။
ဟာလန်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ၂၂ ဂိုးနဲ့ ဂိုးသွင်းအများဆုံးဖြစ်နေသလို နော်ဝေအသင်းကို လည်း ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင် အောင် ကူညီပေးထားသူ ဖြစ်ပါတယ်။
Photo:Reuters










