အီးယူမှ ဗြိတိန် တရားဝင်နုတ်ထွက်၊ သီးခြားနိုင်ငံအဖြစ် စတင်ရပ်တည်
DVB
·
January 1, 2021

ဗြိတိန်ဟာ ဥရောပသမဂ္ဂ (အီးယူ)ကနေ တရားဝင်နုတ်ထွက်ပြီး သီးခြားနိုင်ငံအနေနဲ့ ရပ်တည်တော့မှာပါ။
ဂင်းနစ်စံတော်ချိန် ည ၁၁ နာရီမှာပဲ ဗြိတိန်ဟာ အီးယူစည်းမျဉ်းစည်းကမ်းတွေ လိုက်နာတာကို ရပ်လိုက်ပြီးတဲ့နောက် ဇန်နဝါရီ ၁ ရက်ဟာ ဗြိတိန်အတွက် ခေတ်သစ် တစ်ခု စတင်လိုက်တာပါ။
ဒါကြောင့် ခရီးသွားလာရေး၊ ကုန်သွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်ရေး အစားထိုးအစီအစဉ်တွေ စတင်အသက်ဝင်လာပါတော့တယ်။
ကာလရှည် ဘရက်ဆစ် လုပ်ငန်းစဉ်ကြီး ပြီးဆုံးသွားပြီမို့ ဗြိတိန်ဟာ ကိုယ်ပိုင်လွတ်လပ်မှုနဲ့ အရာရာကို ကွဲပြားစွာနဲ့ ပိုမိုကောင်းမွန်စွာ လုပ်နိုင်စွမ်း ရရှိပြီဆိုပြီး ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ဆိုပါတယ်။
ဒါပေမဲ့ အီးယူက နုတ်ထွက်တာကို ဆန့်ကျင်တဲ့ အတိုက်အခံတွေကတော့ နိုင်ငံကို ထိန်းသိမ်းရတာ ပိုမိုဆိုးလိမ့်မယ်လို့ ပြောပါတယ်။
စကော့တလန်ဝန်ကြီး နီကိုလာ စတာဂျင်ကလည်း စကော့တလန်ဟာ မကြာခင် အီးယူထဲ ပြန်လာလိမ့်မယ်လို့ တွစ်တာကနေ ရေးခဲ့ပါတယ်။
စည်းမျဉ်းသစ်တွေ အသက်ဝင်လာပြီး ဗြိတိန်ကုမ္ပဏီတွေဟာ အပြောင်းအလဲတွေနဲ့ လုပ်ကိုင်ရမှာမို့ လာမယ့်သီတင်းပတ်တွေမှာ အနှောင့်အယှက်တချို့ ရှိလာနိုင်တယ်ဆိုပြီး ဗြိတိန် ဝန်ကြီးတွေက သတိပေးထားတယ်လို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။