DVB Logo
Home
ကျန်းမာရေး
ဘယ် ကိုဗစ်ကာကွယ်ဆေးက အစွမ်းအထက်ဆုံးလဲ
DVB
·
December 27, 2020
ဘယ် ကိုဗစ်ကာကွယ်ဆေးက အစွမ်းအထက်ဆုံးလဲ
Donate to DVB

COVID-19 ရောဂါဆိုးကြီးကို တွန်းလှန်ဖို့ ကြိုးပမ်းနေကြတဲ့ လူသားတွေရဲ့ ကြိုးပမ်းမှုတွေထဲမှာ ပထမဆုံးသော အောင်မြင်မှုက ကာကွယ်ဆေးဖန်တီးနိုင်လာတာဖြစ်ပါတယ်။ ကုသဆေးမဖော်ထုတ်နိုင်သေးခင်စပ်ကြားမှာ COVID-19 ကာကွယ်ဆေးတွေဟာ လူသန်းပေါင်းများစွာရဲ့ အသက်တွေကို ကယ်တင်ပေးနိုင်မယ့် အဓိက အမယ်တစ်မျိုးဖြစ်လာပါတယ်။

ကာကွယ်ဆေးထွက်ပေါ်လာဖို့ လနဲ့ချီစောင့်ဆိုင်းခဲ့ရပေမယ့် ခုချိန်မှာတော့ စိတ်ချရတဲ့ ကာကွယ်ဆေးတွေပေါ်ထွက်လာနေပြီဖြစ်သလို လူသားတွေမှာ ထိုးနှံမှုတွေစတင်နေတဲ့ အမျိုးအစားတွေလည်း ရှိလာနေပါပြီ။

လက်ရှိမှာ Pfizer-BioNTech ရဲ့ ကာကွယ်ဆေးသစ်နဲ့ Moderna ရဲ့ ကာကွယ်ဆေးသစ်တွေဟာ စမ်းသပ်မှုအဆင့်ဆင့်မှာ ရလဒ်ကောင်းတွေ ထွက်ရှိခဲ့သလို ဘေးထွက်ဆိုးကျိုးလည်း နည်းပါးခဲ့တာမို့ FDA ရဲ့ အရေးပေါ်အသုံးပြုခွင့် ခွင့်ပြုချက်ရရှိခဲ့ကြပါတယ်။

အဆိုပါဆေးဝါး ၂ မျိုးလည်း အပြင် တရုတ်ကုမ္ပဏီ Sinovac ရဲ့ ဆေးဝါးဟာဆိုရင်လည်း အာဆီယံဒေသတွင်းနိုင်ငံတချို့ဆီကိုစတင်ဖြန့်ချိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် AstraZeneca-Oxford ၊ Johnson & Johnson ၊ တရုတ်ကုမ္ပဏီ CanSino Biologics၊ ဂျာမနီက CureVac၊ အစ္စရေးလ်က BriLife၊ အိန္ဒိယက Bharat Biotech နဲ့ ရုရှားက Dr Reddy’s-BIRAC တို့ရဲ့ ကာကွယ်ဆေးသစ်တွေကလည်း ဈေးကွက်ထဲကို မကြာခင်မှာ ဝင်ရောက်လာဖို့ရှိနေပါတယ်။

ဒီလိုမျိုး ကာကွယ်ဆေးတွေ အမျိုးမျိုးထွက်ပေါ်လာဖို့ တာဆူနေချိန်မှာ ဘယ်ကာကွယ်ဆေးက အစွမ်းအထက်ဆုံးလဲဆိုတဲ့ မေးခွန်းက ပေါ်ထွက်လာခဲ့ပါတယ်။ ဆေးဝါးကုမ္ပဏီတိုင်းကတော့ သူတို့ရဲ့ ဆေးဝါးတွေဟာ ဘယ်ရွေ့ဘယ်မျှ အစွမ်းထက်တယ်ဆိုတာကို အမျိုးမျိုးပြောဆိုနေကြပါတယ်။

လက်တလောမှာ အသုံးပြုလို့ရနေပြီဖြစ်တဲ့ဆေးဝါးတွေရော ဈေးကွက်ထဲကိုဝင်ဖို့တာစူနေတဲ့ ဆေးဝါးတွေမှာပါ ရောဂါကာကွယ်နိုင်စွမ်းနဲ့ စိတ်ချရမှုအပိုင်းမှာ ကွာခြားချက်အနည်းငယ်စီရှိနေပါတယ်။ ဆေးဝါးတိုင်းဟာ စမ်းသပ်မှုအဆင့်ဆင့်မှာ ရလဒ်ကောင်းတွေထွက်ခဲ့ကြတာမှန်ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ ကွာခြားချက် အနည်းငယ်စီရှိနေခဲ့တာပါ။

ဘယ်ဆေးတွေ ဘယ်လိုစွမ်းပြီး ဘယ်ဆေးက စိတ်အချရဆုံးလဲဆိုတာကို လေ့လာကြည့်ရအောင်။

Moderna (၉၄.၅%)


လက်ရှိ အမေရိကန် FDA ရဲ့ ထောက်ခံချက်အရဆိုရင် မက်ဆာချူးဆက်ပြည်နယ် ကမ်းဘရစ်ချ်မြို့အခြေစိုက် Moderna ရဲ့ ဆေးဝါးဟာ ရောဂါကာကွယ်နိုင်စွမ်းအမြင့်ဆုံးအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ FDA ရဲ့ ထောက်ခံချက်အရ အဆိုပါဆေးဝါးဟာ စိတ်ချရမှုအပိုင်းနဲ့ ရောဂါကာကွယ်နိုင်စွမ်း စွမ်းဆောင်ရည်သတ်မှတ်ချက် ၉၄.၅% အထိ ရှိတယ်လို့ဆိုပါတယ်။

စေတနာ့ဝန်ထမ်းပေါင်း ၃၀၃၅၀ ကို စမ်းသပ်မှုပြုလုပ်ခဲ့တဲ့ရလဒ်တွေအရ Moderna ရဲ့ ဆေးဝါးဟာ အဆိုပါရလဒ်ကောင်းမျိုးထွက်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ FDA ကတော့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သက်လို့လည်း စိတ်ပူစရာမရှိပဲ စိတ်ချရတဲ့ ဆေးဝါးလို့ ဆိုခဲ့ပါတယ်။

FDA ကတော့ သူတို့အနေနဲ့ Moderna ရဲ့ ဆေးဝါးကို အရေးပေါ်ခွင့်ပြုချက်မဟုတ်ပဲ တရားဝင်ခွင့်ပြုချက်ပေးဖို့ စဉ်းစားနေပြီလို့ ဆိုထားပါတယ်။ ဒါ့အပြင် Moderna ရဲ့ ဆေးဝါးဟာ တခြားဆေးဝါးတွေလိုမျိုး ပြင်းထန်တဲ့ အအေးခန်းမျိုးမှာ ထိမ်းသိမ်းဖို့လည်း မလိုအပ်တာမို့ အကောင်းဆုံးကာကွယ်ဆေးအဖြစ် ယူဆခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ထိပ်တန်းသတင်းစာကြီးတစ်စောင်ဖြစ်တဲ့ New York Times သတင်းစာကြီးကတော့ Moderna ရဲ့ ဆေးဝါးဟာ စမ်းသပ်မှုပြုလုပ်နေစဉ်အတွင်း လူသေဆုံးမှု ဖြစ်စဉ်ရှိခဲ့ပြီး ၁၃ ဦး သေဆုံးခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။

Pfizer-BioNTech (၉၄%)


Moderna ဟာ အမေရိကန်ပြည်ထောင်စုမှာ ပေါ်ထွက်လာတဲ့ ဒုတိယမြောက် COVID-19 ကာကွယ်ဆေးဖြစ်ပြီးတော့ Pfizer/BioNTech ကတော့ အရင်ဆုံးထွက်ရှိလာတဲ့ ဆေးဝါးဖြစ်ပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်ကတော့ ရောဂါကာကွယ်နိုင်စွမ်း ၉၄% ရှိထားပြီးတော့ ဗြိတိန်မှာစတင်ထိုးနှံနေပြီဖြစ်တဲ့ ဆေးဝါးတစ်မျိုးပါ။ ဘေးထွက်ဆိုးကျိုးကတော့ အနည်းငယ်ရှိသလို ဆေးဝါးကို ထိမ်းသိမ်းဖို့အတွက် အနှုတ် ၇၀ ဒီဂရီ ဆဲလ်စီးယပ်စ် အအေးချိန်မှာ ထိမ်းသိမ်းဖို့ လိုအပ်တာက အခက်အခဲတစ်ခုဖြစ်ပါတယ်။

Sputnik V (၉၂%)


ရုရှားနိုင်ငံထုတ် Sputnik V ကတော့ သာမန်ရေခဲသေတ္တာမှာတောင် ထိမ်းသိမ်းထားလို့ရတဲ့ အားသာချက်ရှိသလို ရောဂါကာကွယ်နိုင်စွမ်းကလည်း ၉၂% အထိရှိပါတယ်။ မြန်မာနိုင်ငံကို ရောက်လာဖို့ ဖြစ်နိုင်ခြေအများဆုံး ဆေးဝါးတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘေးထွက်ဆိုးကျိုးပြဿနာကြောင့် ခုချိန်အထိ ဖြန့်ချိနိုင်ခြင်းမရှိသေးတဲ့ ဆေးဝါးလည်းဖြစ်ပါတယ်။

Sinovac (၉၀%)


တရုတ်နိုင်ငံအခြေစိုက် Sinovac Biotech ကုမ္ပဏီရဲ့ CoronaVac ဆေးဝါးကတော့ ကိုယ်ခံအားစနစ်ကို အလျှင်မြန်ဆုံးတုန့်ပြန်နိုင်တဲ့ ဆေးဝါးအဖြစ် ထင်ရှားပါတယ်။ ရောဂါကာကွယ်နိုင်စွမ်း ၉၀% အထိရှိတယ်လို့ သုတေသနရလဒ်တွေက ဆိုထားတဲ့ ဆေးဝါးလည်းဖြစ်ပါတယ်။ အဆိုပါ ဆေးဝါးဟာ အရှေ့တောင်အာရှတိုင်းပြည်တွေမှာ ဝယ်လိုအားကောင်းနေပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ကမ်ဘောဒီယားတို့က မှာယူမှုပြုလုပ်ထားပြီးဖြစ်ပါတယ်။ အင်ဒိုနီးရှားဆိုရင် ဆေးအလုံးရေ သန်း ၁၀၀ အထိ မှာယူထားပြီး နိုင်ငံသားတိုင်းကို အခမဲ့ထိုးနှံပေးမယ်လို့ ကြေညာထားပါတယ်။

AstraZeneca-Oxford (၆၂-၉၀%)


ဗြိတိန်-ဆွီဒင် သိပ္ပံပညာရှင်တွေပေါင်းစည်းထားတဲ့ AstraZeneca-Oxford ရဲ့ ဆေးဝါးကတော့ တန်ကြေးချိုသာပြီး လူတိုင်းလက်လှမ်းမှီတဲ့ ဆေးဝါးမျိုးဖြစ်လာဖို့ ရည်ရွယ်ထုတ်လုပ်လာတာဖြစ်ပါတယ်။ COVAX နဲ့ လက်တွဲထားတာမို့ မြန်မာနိုင်ငံကို ရောက်လာဖို့ရှိနေတဲ့ ဆေးဝါးလည်းဖြစ်ပါတယ်။ ရောဂါကာကွယ်နိုင်စွမ်းက ၆၂-၉၀% ရှိပြီး စမ်းသပ်မှုရလဒ်တွေဟာ မကြာခဏတည်ငြိမ်မှုမရှိဖြစ်နေတာမို့ ကြန့်ကြာနေတဲ့ ဆေးဝါးတစ်မျိုးပါ။ နောက်ဆုံးရသတင်းတွေအရတော့ FDA ခွင့်ပြုချက်ရဖို့ နီးစပ်နေပြီလို့ သိထားရပါတယ်။

ကာကွယ်ဆေးတွေအားလုံးကတော့ သူ့အစွမ်းအစနဲ့သူချည်းပါပဲ။ မြန်မာနိုင်ငံအနေနဲ့ ကာကွယ်ဆေးပိုင်ဆိုင်ခြင်းမရှိသေးသလို ဆေးဝါးတွေရောက်ရှိလာဖို့အတွက်လည်း ၂၀၂၁ ပထမ ၃ လပတ်အထိ အနည်းဆုံးစောင့်ဆိုင်းရနိုင်တာမို့ လက်ရှိကာလတွေမှာတော့ နေအိမ်တွေအတွင်းမှာ စည်းကမ်းလိုက်နာကာ နေထိုင်ဖို့ တိုက်တွန်းပါရစေ။

ရေးသားသူ Ye Zon Aung


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013