Homeမြန်မာသတင်း
ရန်ကုန် ဈေးကြီးအချို့ပြန်ဖွင့်ရေး ကိုဗစ်ကော်မတီညွှန်ကြားချက်အတိုင်း လုပ်မည်ဟု ဒုမြို့တော်ဝန် ပြော
ရန်ကုန် ဈေးကြီးအချို့ပြန်ဖွင့်ရေး ကိုဗစ်ကော်မတီညွှန်ကြားချက်အတိုင်း လုပ်မည်ဟု ဒုမြို့တော်ဝန် ပြော
ညီငယ်
·
December 25, 2020

ရန်ကုန်မြို့ လက်လီလက်ကားစျေးကြီးဖြစ်တဲ့ ယုဇနပလာဇာအပါအဝင် စျေးကြီးတချို့ ပြန်ဖွင့်ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဆီ တင်ပြထားပြီး စျေးတွေပြန်ဖွင့်ရေးကို ကိုဗစ်ကော်မတီရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင် ဒုမြို့တော်ဝန် ဦးစိုးလွင်က ဒီဗွီဘီကိုပြောပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်က အဝတ်အထည်၊ ဖုန်း စတဲ့ ကုန်ပစ္စည်းတွေ လက်လီလက်ကားရောင်းတဲ့ ယုဇနပလာဇာကို ဇန်နဝါရီ ၆ ရက်နေ့နဲ့ မင်္ဂလာစျေး၊ ဗိုလ်ချုပ်စျေး တို့ကလည်း ဇန်နဝါရီလပထမပတ်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့ တင်ပြထားတယ်လို့ ဆိုပါတယ်။
စျေးတွေကို ကိုဗစ်ကော်မတီရဲ့ ညွှန်ကြားချက်အတိုင်း ပြန်ဖွင့်ခွင့်ပေးရမှာဖြစ်ကြောင်း၊ စျေးကြီးတွေ ရေရှည်ပိတ်ထားတော့ စျေးသူစျေးသားတွေအနေနဲ့ ပြန်ဖွင့်ချင်ကြောင်း၊ လတ်တလောမှာလည်း ကိုဗစ်ကူးစက်နှုန်းက ပြန်ကျလာပေမဲ့ ဒီလကုန်အထိတော့ ဘာညွှန်ကြားချက်လာမလဲ စောင့်ကြည့်ရမယ်လို့ ဒုမြို့တော်ဝန်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ သြဂုတ် ၁၆ ရက်နေ့က တကျော့ပြန် ကိုဗစ်၁၉ရောဂါကူးစက်မှု ပြန်လည်တွေ့ရှိကာ ကူးစက်မှု အရှိန်မြင့်လာပြီးနောက် စက်တင်ဘာ ဒုတိယပတ်ကစတင်ပြီး လူစည်ကားတဲ့ ရန်ကုန်မြို့က စျေးကြီးတွေကို ပိတ်ထားတာ ၃ လနီးပါးရှိသွားပြီဖြစ်ပါတယ်။
လတ်တလောမှာ စျေးတွေက သားငါးတန်း၊ စားသောက်ကုန်တန်း၊ မီးဖိုချောင်သုံး ပစ္စည်းအရောင်းဆိုင် စတာတွေကို ဖွင့်ခွင့်ပေးထားပြီး ပြန်ဖွင့်ခွင့်တောင်းဆိုတဲ့ စျေးကြီးတွေနဲ့ပတ်သက်လို့ ကျန်းမာရေးဌာနကိုလည်း တင်ပြထားတယ်လို့ ဆိုပါတယ်။