DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း ကိုဗစ် ထောင်ချီကူးစက်ခံရသည့် မြို့နယ် ၃၅ ခုရှိ၊ သေဆုံးသူ ၂၅၀၀ ကျော်လာ
DVB
·
December 24, 2020
နိုင်ငံတဝန်း ကိုဗစ် ထောင်ချီကူးစက်ခံရသည့် မြို့နယ် ၃၅ ခုရှိ၊ သေဆုံးသူ ၂၅၀၀ ကျော်လာ
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက် ၂,၅၀၀ ကျော် ရှိခဲ့ပြီဖြစ်ကာ နိုင်ငံတဝန်း ပိုးတွေ့လူနာ ထောင်ချီတဲ့ မြို့နယ်ပေါင်း ၃၅ ခု ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း ၁,၆၆၂,၂၂၉ ယောက်၊ ပိုးတွေ့လူနာ ၁၁၈,၈၆၉ ယောက်၊ စောင့်ကြည့်လူနာပေါင်း ၁၅,၅၈၁ ယောက်ရှိနေတယ်လို့ ဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဒ်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၉ လရှိလာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့သေဆုံးလူနာ ၂,၅၀၇ ယောက်နဲ့ ပိုးတွေ့ ပြန်လည်သက်သာလာသူပေါင်း ၉၉,၃၂၅ ယောက် ရှိနေပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအတွက် ၈၀,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံးဖြစ်ကာ ဒုတိယနေရာမှာတော့ မန္တလေးတိုင်းက ပိုးတွေ့လူနာ ၁၂,၀၀၀ ကျော်နဲ့ ကူးစက်မှု မြင့်တက်နေတာ ဖြစ်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ထောင်ချီကူးစက်ခံမြို့နယ် ၃၅ ထိ ရှိလာခဲ့ပြီဖြစ်ကာ အဆိုပါ မြို့နယ်တွေထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း ၂၈ မြို့နယ်၊ မန္တလေးတိုင်းက ၅ မြို့နယ်၊ ရခိုင်ပြည်နယ်က ၁ မြို့နယ်နဲ့ ပဲခူးတိုင်းက ၁ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ပိုးတွေ့လူနာ ၅,၀၀၀ ကျော်တဲ့ မြို့နယ် ၂ ခု၊ ၄,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခု၊ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၂ ခု၊ ၂,၀၀၀ ကျော်တဲ့ မြို့နယ် ၁၁ ခုနဲ့ ၁,၀၀၀ ကျော်တဲ့ ၁၇ ခု ပါဝင်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အစိုးရအနေနဲ့ အများပြည်သူကို ကျန်းမာရေး အသိပညာပေးမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်ပေးနေပြီး ပြည်နယ်နဲ့တိုင်းအလိုက် ပါးစပ်နဲ့ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်တွေကိုလည်း လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၇၈ ဒသမ ၆  သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁  ဒသမ ၇ သန်းကျော်နဲ့ ရောဂါပျောက်ကင်း သက်သာသူ စုစုပေါင်း ၅၅ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013