DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီးရိုးစေတီတော် ခြေလျင်တောင်တက်လမ်းကို ယာယီပိတ်
DVB
·
December 23, 2020
ကျိုက်ထီးရိုးစေတီတော် ခြေလျင်တောင်တက်လမ်းကို ယာယီပိတ်
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ  သမိုင်းဝင်ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ခြေလျင်တောင်တက်လမ်းကို ဒီဇင်ဘာ ၂၂ ရက်နေ့က စတင်ကာ ယာယီပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားချိန်ကစပြီး တောင်တက်မော်တော်ယာဥ်လိုင်းနဲ့ ကေဗယ်ကားလိုင်းတွေကို ပိတ်ထားခဲ့ပြီး အခု ခြေလျင်တောင်တက်လမ်းကိုလည်း ယာယီပိတ်လိုက်တာပါ။

ခရစ္စမတ်ပိတ်ရက်နဲ့ နှစ်သစ်ကူးပိတ်ရက်တွေမှာ ကျိုက်ထီးရိုးစေတီတော်ကို အနယ်နယ် အရပ်ရပ်က ဘုရားဖူးတွေလာရောက်ကြဖို့ မေးမြန်းစုံစမ်းနေမှုတွေ ရှိနေတဲ့အတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့က စတင်ကာ ကျိုက်ထီးရိုးစေတီ ခြေလျင်တောင်တက်လမ်းကို ခေတ္တပိတ်လိုက်တာဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မယ့်အချိန်ကို အသိပေးကြေညာသွားမယ်လို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ဗွီနိုင်းချိတ်ဆွဲထုတ်ပြန်ထားပါတယ်။

ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်းက “ခြေလျင်တောင်တက်လမ်းကို မနေ့ကစပြီး ပိတ်လိုက်တာပါ။ ရန်ကုန်မှာလည်း အင်းယားကောင်ဘောင်တို့ ဘာတို့မှာ နှစ်သစ်ကူးနဲ့ ခရစ္စမတ်တို့အတွက် ရည်ရွယ်ပြီး ပိတ်လိုက်တယ်ဆိုတော့ ကျနော်တို့ဆီကို လူစုလူဝေးနဲ့စုပုံပြီး လာကြမှာစိုးလို့ အခုလို တားမြစ်လိုက်တဲ့ သဘောပါ။ နှစ်သစ်ကူးတို့ ခရစ္စမတ်တို့ပြီးသွားရင်တော့ ခြေလျင်တက်လမ်းကို ပုံမှန်အတိုင်းပြန်ဖွင့်သွားမှာပါ။ လက်ရှိတောင်ပေါ်မှာက ကိုဗစ်ကင်းစင်နယ်မြေဖြစ်နေတဲ့အတွက် ဒါကို ဆက်ပြီးထိန်းတဲ့သဘောပါ။ ကျနော့်အနေနဲ့ကတော့ ကိုဗစ်ကြီး မြန်မြန်ပျောက်ပြီး ဘုရားဖူးတွေ နဲ့ အရင်အတိုင်း ပြန်လည်စည်ကားစေချင်ပါတယ်” လို့ DVB ကို ပြောပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကြောင့် ကျိုက်ထီးရိုးစေတီတော် ပွဲတော်ကာလကို ပြီးခဲ့တဲ့မတ်လ ၂၁ ရက်နေ့ကစပြီး ရပ်ဆိုင်းခဲ့တာပါ။

လက်ရှိမှာတော့ ကျိုက်ထီးရိုးတောင်ပေါ်မှာ ဒေသခံမိသားစုပေါင်း ၁၀၀၀ ကျော် နေထိုင်နေပြီး စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြပါတယ်။ 

မိသားစုဝင်တွေအနေနဲ့ တောင်ခြေဆင်းပြီး ကျပန်းအလုပ်လုပ်ကိုင်တာ၊ စျေးဝယ်တာနဲ့ ကျန်းမာရေးအခြေအနေတွေကြောင့်  ခြေလျင်လမ်းကို အတက်အဆင်းပြုလုပ်နိုင်ဖို့ ခြွင်းချက်အနေနဲ့တော့ ခွင့်ပြုပေးထားတယ်လို့ ကျိုက်ထီးရိုးစေတီရင်ပြင်တော် အုပ်ချုပ်ရေးအဖွဲ့ရုံးက သိရပါတယ်။

သမိုင်းဝင်ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီးကို နှစ်စဉ် ပြည်တွင်း၊ ပြည်ပခရီးသည် ၁၀ သန်းကျော် လာရောက်လေ့ရှိပြီး ဘုရားဖူးပြည်သူတွေကို အမှီပြုကာ ပျံကျဈေးရောင်းချတာတွေ၊ စားသောက် ဆိုင်လုပ်ငန်း၊ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းတွေ၊ တောင်တက်ကား ပြေးဆွဲတဲ့ လုပ်ငန်းတွေအပြင် တခြားလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

သတင်း - ယူမင်းစိုး၊ Photo - YNI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013