
ဒီနှစ် အယ်လ်နီညိုရာသီဥတုက ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဖြစ်မှာဖြစ်ပြီး ပိုပြင်းထန်နိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း (WMO) က အောက်တိုဘာ ၈ ရက်မှာ ပြောပါတယ်။
အယ်လ်နီညိုရာသီဥတုကြောင့် ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေလည်း စံချိန်တင် မြင့်တက်မယ်လို့ လစဉ်ကြေညာတဲ့ မိုးလေဝသသတင်းမှာ ဖော်ပြခဲ့တာပါ။
ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က အယ်လ်နီညိုရာသီဥတုကြောင့် စီးပွားရေးတွေ၊ ဂေဟစနစ်တွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးတွေကို ထိခိုက်စေတယ်လို့ ပြောဆိုထားပါတယ်။
“အယ်လ်နီညိုကြောင့် ကမ္ဘာကြီးရဲ့ ပျမ်းမျှအပူချိန်တွေ မြင့်တက်စေမှာဖြစ်ပြီး မိုးရွားသွန်းမှု ပုံစံတွေလည်း ပြောင်းလဲစေမှာပါ။ ကမ္ဘာကြီးရဲ့ မတူတဲ့နေရာတွေမှာ မိုးခေါင်တာတွေ၊ ရေကြီးတာမျိုးတွေလည်း ဖြစ်တတ်တဲ့ အန္တရာယ်လည်း ပိုများစေပါတယ်” လို့ ဒူဂျာရစ်က ပြောပါတယ်။
အလယ်ပိုင်းနဲ့ အရှေ့ပိုင်း အပူပိုင်း ပစိဖစ်မှာရှိတဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ ပုံမှန် အောက်တိုဘာကနေ ဒီဇင်ဘာလအထိ ရှိတတ်တဲ့ အပူချိန်ထက် ပိုများတဲ့ ၃ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်မယ်လို့ ခန့်မှန်းရတဲ့အကြောင်း ကုလမိုးလေဝသအဖွဲ့က ပြောပါတယ်။
ပင်လယ်ရေမျက်နှာပြင် ခန့်မှန်းမှုတွေအရ ၂၀၁၅ နိုဝင်ဘာလကနေ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအထိ ၂ ဒသမ ၆ ဆဲလ်စီးယပ်စ်အထိ ရှိခဲ့တဲ့ စံချိန်တင်အပူချိန်ထက် ပိုများတဲ့ ပုံမှန်မဟုတ်တဲ့ အပူချိန် ဖြစ်မယ်လို့ သိရပါတယ်။
ဒါဟာ ၁၉၅၀ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံး အဖြစ်အပျက်တခု ဖြစ်တယ်လို့ WMO ခန့်မှန်းချက်တွေက ဖော်ပြပါတယ်။
အယ်လ်နီညိုရာသီဥတုဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ လွှမ်းမိုးပြီး ဖြစ်ပွားတဲ့ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ် ဖြစ်ပါတယ်။
အယ်လ်နီညိုရာသီတုက ကမ္ဘာ့အပူချိန်တွေ မြင့်တက်လာတာ၊ မိုးရွာတဲ့ပုံစံ ပြောင်းလဲလာတာ၊ တချို့နေရာတွေမှာ မိုးသည်းထန်စွာရွာပြီး တချို့နေရာတွေမှာ မိုးခေါင်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။
အယ်လ်နီညိုရာသီဥတုဟာ ပုံမှန် ၂ နှစ်ကနေ ၇ နှစ်အကြာမှာ ဖြစ်ပွားလေ့ရှိပါတယ်။ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းက အပူဆုံးလတွေအဖြစ် မှတ်တမ်းတင်ခဲ့တယ်လို့ ဥရောပရှိ ကိုပါနီးကပ် ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်ရေးအဖွဲ့က ဖော်ပြသလို ဒီနှစ် ဩဂုတ်လ ကမ္ဘာ့အပူချိန်ဟာ ၁၆ ဒသမ ၉၆ ဆဲလ်စီးယပ်စ်အထိ ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ချီကာဂိုတက္ကသိုလ်ရှိ ရာသီဥတုလေ့လာရေးအဖွဲ့က ဇွန်လကနေ ၂၀၂၇ ဖေဖော်ဝါရီလအထိ ကြာမဲ့ ဒီနှစ် စူပါအယ်လ်နီညိုဟာ ကမ္ဘာတဝန်း လူပေါင်း ၄၅၁,၀၀၀ သေဆုံးစေမယ်လို့ ပြီးခဲ့တဲ့လက ခန့်မှန်းထားပါတယ်။











