DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် ကေအန်ပီပီ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကိစ္စ ဆွေးနွေး
DVB
·
December 8, 2020
အစိုးရနှင့် ကေအန်ပီပီ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကိစ္စ ဆွေးနွေး
Donate to DVB

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတို့အကြား ငြိမ်းချမ်းရေးရှေ့ဆက်ဆောင်ရွက်ဖို့နဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာပါဝင်တဲ့  ကေအန်အန်ပီပီအဖွဲ့ရဲ့ ဖွံ့ဖြိုးရေး၊ လူမှုလုံခြုံရေးနှင့် ပြန်လည်နေရာ ချထားရေးကော်မတီ ဒုတာဝန်ခံ ဦးထူးချစ်က “ အဓိကကတော့ ရှေ့မတိုးနောက်မဆုတ်ဖြစ်တဲ့ ငြိမ်းချမ်းရေးအခြေအနေရယ်၊ ကျနော်တို့ ဒီဘက်မှာ ကေအန်ပီပီအနေနဲ့ ဖွံ့ဖြိုးရေးလုပ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရနဲ့ ဘယ်လိုမျိုး ပူးပေါင်း ကူညီဆောင်ရွက်မယ်ဆိုတဲ့ဟာပေါ့နော်။ ဒါတွေ အဓိက ဆွေးနွေးတယ်။  ”လို့ပြောပါတယ်။

ဒါ့အပြင် ကယားပြည်နယ်ဖရူဆိုမြို့နဲ့ ၅ မိုင်ခန့်အကွာမှရှိတဲ့  ကေအန်ပီပီက ဖွင့်လှစ်ထားတဲ့ ဆယ်တောရို လူငယ်ငြိမ်းချမ်းရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးရေးစင်တာနဲ့ပတ်ပြီးတော့လည်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြသလို ဆယ်တော်ရိုကျောင်း ဘော်ဒါတည်ဆောက်ရေးနဲ့ လျှပ်စစ်မီးရရှိရေးအတွက် အစိုးရဘက်က လုပ်ဆောင်ပေး သွားမယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။

“ ဒီကျောင်းက လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ကျနော်တို့ မီးလျှောက်ထားတာရှိတယ်။ ကလေးတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ နောက်ပိုင်းကျရင် အဆင့်မြင့်ပညာရေးအထိသွားဖို့ ရည်ရွယ်ချက်ရှိတော့ လျှပ်စစ်မီး ရရှိရေးကိစ္စပေါ့။ လျှပ်စစ်မီးရရှိရေးကိစ္စကတော့ အခု ပြည်နယ်အစိုးရက လာပြီး တိုင်းထွာမှုတွေ လာလုပ်သွားတယ်။ သူတို့ကလည်း ပြည်ထောင်စုအစိုးရရဲ့သဘောတူညီချက်လိုတယ်ဆိုလို့  ဆွေးနွေးတယ်။ ပြည်နယ်အစိုးရရဲ့ ရန်ပုံငွေနဲ့ ပြည်ထောင်စုအစိုးရရဲ့ ရန်ပုံငွေနဲ့ပေါင်းပြီးတော့ ကျနော်တို့ ဆယ်တောရိုကျောင်းကို မီးရရှိရေး ဆောင်ရွက်ပေးမယ်ဆိုတဲ့ဟာတော့ ကျနော်တို့ သဘောတူညီမှုရရှိခဲ့တယ်။ နောက်တခုကတော့  ဆယ်တောရိုကျောင်းမှာ ကျနော်တို ဘော်ဒါဆောင်တိုးချဲ့မှာတို့ တခြားကျနော်တို့လိုအပ်တဲ့ ကျောင်းဆောင်တွေ စာသင်ဆောင်တွေ စာကြည့်တိုက်တို့ စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်ချက်တွေကို နိုင်ငံတကာအကူအညီအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ ဆွေးနွေးထားတာတွေကို  အန်အာပီစီနဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ သဘောတူညီချက်လိုတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့လည်း သူတို့ဆွေးနွေးတာပေါ့နော်။ ”

ဆယ်တောရို လူငယ်ငြိမ်းချမ်းရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးရေးစင်တာကို  ကေအန်ပီပီက ဦးဆောင်ဖွင့်လှစ်ပေးထားတဲ့ ဘော်ဒါဆောင်ဖြစ်ပြီး အဓိကအားဖြင့်  ပြည်နယ်အတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ လူငယ်တွေရဲ့ အသိပညာ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရေးနဲ့  ပညာသင်ကြားနိုင်မှု အခွင့်အလမ်းဆုံးရှုံးနေတဲ့ လူငယ်တွေကို အဓိကထားပြီး ပညာသင်ကြားပေးနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

၂၀၁၉-၂၀ ပညာသင်နှစ်မှာ ဆယ်တောရိုဘော်ဒါဆောင်ကနေ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၂၄ ဦးရှိခဲ့ရာ  ၆ ဦးအောင်မြင်ခဲ့ပါတယ်။

ကေအန်ပီပီနဲ့အစိုးရအကြား ဒီဇင်ဘာ ၇ ရက်နေ့ ညနေပိုင်းက အွန်လိုင်း Video Conference နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊  ကယားပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်ဖြူနဲ့ ပြည်နယ်အတွင်းရေးမှူး ဦးအံ့မော်၊ ကေအန်ပီပီ ဒု-ဥက္ကဌ ခူးဦးရယ် အတွင်းရေးမှူး(၁) ခူပလူးရယ်၊ ဗဟို ကော်မတီဝင် ခူထဲဗူး၊ ဖွံ့ဖြိုးရေး၊ လူမှုလုံခြုံရေးနှင့် ပြန်လည်နေရာ ချထားရေးကော်မတီ ဒုတာဝန်ခံ(၂) ဦးထူးချစ်တို့ ပါဝင်ဆွေးနွေးခဲ့ကြတာပါ။ 

ကေအန်ပီပီအဖွဲ့ဟာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားသလို အစိုးရနဲ့ တဖွဲ့ချင်း နှစ်ဦးနှစ်ဖက် သဘောတူစာချုပ် (Bilateral Agreements) တွေကို ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်တွေမှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013