DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂိုလ်ရေးဆန္ဒနှင့် လောကုတ္တရာအတွက် အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ နုတ်ထွက်ဟု သမ္မတရုံး ရှင်းလင်း 
DVB
·
December 2, 2020
ပုဂ္ဂိုလ်ရေးဆန္ဒနှင့် လောကုတ္တရာအတွက် အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ နုတ်ထွက်ဟု သမ္မတရုံး ရှင်းလင်း 
Donate to DVB

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ရာထူးကနေ နုတ်ထွက်မှုဟာ ကာယကံရှင်ရဲ့ ဆန္ဒအလျောက်သာဖြစ်ပြီး ကျန်ပြဿနာဘာမှ မရှိဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ဟာ ရာထူးက နုတ်ထွက်လိုကြောင်းကို နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက တင်ပြလာပြီး သမ္မတရုံးက ဒီဇင်ဘာ ၁ ရက်နေ့မှာ ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း အမိန့်စာကို ထုတ်ပြန်ကြေညာခဲ့တာပါ။

ဦးအောင်ကြည် အခုလို ရာထူးက နုတ်ထွက်တာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ အမျိုးမျိုးဝေဖန်နေကြတာနဲ့ ပတ်သက်ပြီး ဦးဇော်ဌေးက “ဒီလိုဆန္ဒအလျောက်နုတ်ထွက်တာဟာ ကော်မရှင်ဥက္ကဋ္ဌရဲ့  ပုဂ္ဂိုလ်ရေးဆန္ဒနဲ့ လောကုတ္တရာကူးပြောင်းရေးကိစ္စသက်သက် သာ ဖြစ်ပါတယ်။ အစိုးရနဲ့ကော်မရှင်ဥက္ကဋ္ဌ အကြား၊ အစိုးရနဲ့ ကော်မရှင်အကြားမှာ ဘာပြဿနာမှ မရှိပါဘူး။ ဒါ့အပြင် တခြားသော နိုင်ငံရေးပြဿနာ၊ စီးပွားရေးပြဿနာ၊ လူမှုရေးပြဿနာ ဘာမှမရှိပါဘူးလို့ ရှင်းရှင်းလင်းလင်း ဖြေကြားလိုပါတယ် ” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ အသက် ၇၅ နှစ်ထဲကို ရောက်ရှိနေပြီဖြစ်တဲ့ ဦးအောင်ကြည်ဟာ ကျန်းမာရေးကောင်းမွန်နေချိန်မှာ လောကုတ္တရာဘက်ကိုကူးပြောင်းဖို့ ဆန္ဒရှိတဲ့အတွက် နုတ်ထွက်ခဲ့တာဖြစ်ပြီး ဒါကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကလည်း သဘောတူလက်ခံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကော်မရှင်ဥက္ကဋ္ဌရဲ့ အခုလိုနုတ်ထွက်မှုနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ ထိခိုက်မှုရှိမှာမဟုတ်ဘူးလို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

“အခုလို နုတ်ထွက်အနားယူသွားရင် ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေ အပေါ်မှာ ဘာတွေထိခိုက်နိုင်မလဲ မေးကြည့်တော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအမျိုးသားအဆင့် မဟာဗျူဟာနဲ့ ပတ်သက်ပြီး အခြေခံဆွေးနွေးရမယ့် Zero Draft ကို ရေးသားပြုစုခဲ့ပြီးဖြစ်တဲ့ အတွက် ကျန်ရှိနေတဲ့ လုပ်ငန်းကော်မတီတွေက ဆက်လက်ဆွေးနွေးညှိနှိုင်းဆောင်ရွက် သွားဖို့ပဲရှိတဲ့အတွက် ကော်မရှင်ရဲ့ လုပ်ငန်းတွေပေါ်မှာ ထိခိုက်မှုရှိမှာမဟုတ်ဘူး ” လို့  ဦးဇော်ဌေးက ပြောပါတယ်။

စစ်အစိုးရလက်ထက်မှာ ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ယူပြီး စစ်အစိုးရခေါင်းဆောင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား စေ့စပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်ပေးခဲ့ရတဲ့ ဦးအောင်ကြည်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အလုပ်သမား၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့တာပါ။ 

အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှာ ဦးအောင်ကြည်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ 

ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့ ၃ နှစ်တာကာလအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရာမှာ အာရှနိုင်ငံတွေရဲ့ နံပါတ် ၁ အဖြစ် ရောက်ရှိအောင်စွမ်းဆောင် နိုင်ခဲ့တယ်လို့ သမ္မတရုံးရဲ့ ထုတ်ပြန်မှုတွေအရ သိရပါတယ်။

သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013