ဦးထိုက်ဇော် ပစ်ခတ်လုပ်ကြံခံရသည့်အပေါ် ဝမ်းနည်းကြောင်း ပါတီအချို့ ထုတ်ပြန်
DVB
·
November 23, 2020

ဦးထိုက်ဇော် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရကြောင်းကြား သိရတဲ့အတွက် မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်းနဲ့ မည်သည့်အကြမ်းဖက်မှုကိုမဆို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ပြည်သူ့ပါတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
တရားဥပဒေစိုးမိုးရေးနဲ့ တရားဥပဒေအရ နိုင်ငံသားတိုင်း အကာအကွယ်ရရှိရေး၊ တရားဥပဒေ စိုးမိုးမှုအပေါ် နိုင်ငံသားအားလုံး ယုံကြည်အားကိုလာစေရေး အရေးတကြီး ဆောင်ရွက်ရမယ်လို့ ယုံကြည်ကြောင်းလည်း နိုဝင်ဘာ ၂၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တအာင်း (ပလောင်) အမျိုးသားပါတီကလည်း ဒါကို ရိုင်းစိုင်းတဲ့ လုပ်ကြံသတ်ဖြတ်မှုလို့ ဆိုပြီး ပါတီအနေနဲ့ ထပ်တူဝမ်းနည်းကြောင်း၊ လုပ်ကြံသတ်ဖြတ်ခဲ့သူကို ဖမ်းဆီးအရေးယူ အပြစ်ပေးနိုင်ရေးအတွက် တာဝန်ရှိသူတွေ ပူးပေါင်းပြီး အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
ဦးထိုက်ဇော် ပစ်ခတ်လုပ်ကြံခံခဲ့ရမှုအတွက် ဝမ်းနည်းကြောင်းနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့သူကို အမြန်ဆုံးစုံစမ်းဖော်ထုတ်ပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။
ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်တိန်ရွာမှာ နေထိုင်တဲ့ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ နိုဝင်ဘာ ၂၁ ညနေက သူ့ရဲ့နေအိမ်မှာ ဆိုင်ကယ်နဲ့ လူနှစ်ယောက် လာရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။