ကျောက်မဲခရိုင်တွင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ပစ်ခတ်ခံရသဖြင့် သေဆုံး
DVB
·
November 21, 2020

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင် အမှတ်(၁) မှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒီကနေ့ည ၆ နာရီခွဲလောက်က ဦးထိုက်ဇော်ရဲ့ နေအိမ်ကို ဆိုင်ကယ်နဲ့ လူနှစ်ယောက် လာရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တာလို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးသွားသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်တိန်ရွာမှာ နေထိုင်သူဖြစ်ပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရဲ့ နေအိမ်ကိုလည်း သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် နေအိမ်ပျက်စီးထိခိုက်တာတွေ ရှိခဲ့ပါတယ်။
အခုသေဆုံးသွားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ SNLD က ကိုယ်စားလှယ်လောင်းကို ၅၄ မဲနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။