DVB Logo
Home
မြန်မာသတင်း
အေအေထုတ်ပြန်ချက်အပေါ်တပ်မတော်ကြိုဆို၊ ရခိုင်တွင်ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ညှိနှိုင်းဆောင်ရွက်မည်
DVB
·
November 12, 2020
အေအေထုတ်ပြန်ချက်အပေါ်တပ်မတော်ကြိုဆို၊ ရခိုင်တွင်ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ညှိနှိုင်းဆောင်ရွက်မည်
Donate to DVB

အေအေရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုတဲ့အကြောင်းနဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကျန်တဲ့နေရာတွေမှာ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ဖို့ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ရက္ခိုင့်တပ်တော်( အေအေ) က ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ နယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်မီ ကျင်းပနိုင်ဖို့ မေတ္တာရပ်ခံ တိုက်တွန်းတဲ့ ကြေညာချက် ဒီကနေ့ ထုတ်ပြန်ပြီးနောက်  တပ်မတော်က အခုလို ကြေညာလိုက်တာပါ။ 

တပ်မတော်အနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရေးနဲ့ မဲပေးပိုင်ခွင့်ရှိသူတွေအားလုံး သက်ဆိုင်ရာမဲဆန္ဒနယ်တွေမှာ မဲပေးနိုင်ရေး အလေးထားတယ်လို့လည်းဆိုပါတယ်။  ဒါ့အပြင် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်မှာလည်း ကြားဖြတ်ရွေးကောက်ပွဲအမြန်ကျင်းပနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားဖို့လည်း တပ်မတော်က တိုက်တွန်းထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကျင်းပပြီးနောက် အနိုင်ရ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ အစိုးရဖွဲ့နိုင်တဲ့ ပါတီပေါ်ထွက်လာပြီဖြစ်ပေမယ့် ရခိုင်ပြည်နယ်မြို့နယ် အများစုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့လို့ ပြည်သူတွေ မဲပေးခွင့်ဆုံးရှုံးခဲ့ရသလို နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးတွေ နစ်နာခဲ့ရတာကြောင့် ရွေးကောက်ပွဲ မကျင်းပခဲ့ရတဲ့ နေရာတွေမှာ ကျင်းပပေးဖို့ လိုလားတယ်လို့ အေအေအဖွဲ့က ဆိုပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ထိုးစစ်ကို ရပ်တန့်ကာ တစ်နိုင်ငံလုံးမှာ အပစ်ရပ်ကြေညာပြီး ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ အန်အယ်လ်ဒီအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့လည်း အေအေ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။ 

နိုဝင်ဘာလ ၈ ရက်နေ့မှာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့ လုံခြုံရေးအခြေအနေမရှိလို့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အပါအဝင် မဲဆန္ဒနယ်တချို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့တာပါ။

ရွေးကောက်ပွဲရွှေ့ဆိုင်းခဲ့ရတဲ့ နယ်မြေဒေသရှိ ပြည်သူတွေအားလုံးအတွက် အထူးပင်စိတ်မကောင်း ဖြစ်ရတယ်လို့  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကလည်း ကြေညာထားပါတယ်။

ဒါ့အပြင် ဒီနယ်မြေဒေသတွေမှာ တည်ငြိမ်အေးချမ်းပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတွေ အမြန်ဆုံးကျင်းပ နိုင်တဲ့ အခြေအနေရောက်ရှိအောင် သက်ဆိုင်တဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ အားလုံး  ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့လည်း NRPCက အထူးမေတ္တာရပ်ခံထားပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013