DVB Logo
Home
ရွေးကောက်ပွဲ
ရွေးကောက်ပွဲအနိုင်ရ ရှမ်းလွှတ်တော်ကိုယ်စားလှယ် နန်းမွန်းမွန်းပေါင်း (ခ) နန်းဥမ္မာနှင့် ဆက်သွယ်မေးမြန်းချက် 
DVB
·
November 11, 2020
ရွေးကောက်ပွဲအနိုင်ရ ရှမ်းလွှတ်တော်ကိုယ်စားလှယ် နန်းမွန်းမွန်းပေါင်း (ခ) နန်းဥမ္မာနှင့် ဆက်သွယ်မေးမြန်းချက် 
Donate to DVB

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ အထွေထွေရွေးကောက်ပွဲကြီးမှာ ကျားခေါင်းပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့  လွှတ်တော် ၃ ရပ်စလုံးမှာ နေရာပေါင်း ၄၀ ကျော်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီအထဲက ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၁ မှာ ရှမ်းပြည်နယ်လွှတ်တော်အတွက် ဝင်ပြိုင်ပြီး မဲအများဆုံးအနိုင်ရခဲ့တဲ့ နန်းမွန်းမွန်းပေါင်း (ခ) နန်းဥမ္မာကို မဲပေးခဲ့တဲ့ ပြည်သူတွေအတွက် ဘာတွေအရင်ဆုံး ဦးစားပေး စတင်လုပ်ဆောင်သွားဖို့ရှိနေလဲဆိုတာကို ဒီဗွီဘီကနေ ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေး - ရွေးကောက်ပွဲမှဦ  နန်းမွန်းမွန်းပေါင်းအနေနဲ့ ဘယ်ပါတီတွေနဲ့ ယှဉ်ပြိုင်ရပြီး မဲအရေအတွက်ဘယ်လောက်နဲ့ အနိုင်ရခဲ့ပါသလဲ။ 

ဖြေ - “ကျမတို့မဲဆန္ဒနယ်မြေမှာတော့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ SNDP ကျားဖြူပါတီ တွေရှိပါတယ် ၊ မဲရလဒ်အနေနဲ့တော့  ကျမကိုယ်စားပြုပြိုင်တဲ့ SNLD က ၂၆၉၃၆ မဲ ၊ NLD က ၈၀၈၀ မဲ ၊  SNDP က  ၃၂၄၇  မဲနဲ့  USDP ပါတီက  ၄၂၇၃  မဲရပါတယ်ရှင့်” 

မေး - ဒီမဲရလဒ်တွေအပေါ် ဘယ်လိုမြင်ပါသလဲ။ 

ဖြေ -  “ဟုတ်ကဲ့ ကျေနပ်ပါတယ်။ အမျိုးသားလွှတ်တော်အဆင့်မှာတော့ သူကတခြားမြို့နယ်တွေ နဲ့ပါ မဲတွေထပ်ပေါင်းရလို့ သေချာအောင်နယ်မြေထိ ပြန်ပြီးလိုက်စစ်ရတာရှိပါတယ်။ လောလောဆယ် အန်အယ်လ်ဒီက ၅၃ မဲသာနေတယ်”

မေး - ဒီရွေးကောက်ပွဲမှာ အခုလို အနိုင်ရဖို့အတွက် ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရပါသလဲ။ 

ဖြေ - “အခက်အခဲကတော့ ကိုဗစ်-၁၉ ကူးစက်ကာလ မဲဆွယ်တဲ့လူရော မဲပေးမယ့်လူပါ စွန့်စား ရတယ်၊ လူဦးရေ ၅၀ ထက်ပိုမစုရဘူးဆိုတော့ လူအများကြီးကို မရှင်းပြနိုင်ဘူးပေါ့ ။ ရံပုံငွေ အနေ နဲ့တော့ သိပ်အခက်အခဲမရှိပါဘူး၊ ကျမတို့ဆီက ရောက်တဲ့ရွာတိုင်းမှာ အဲဒီရွာက ဒိုင်ခံပြီး ကျွေးမွေးဧည့်ခံလို့”

မေး  -  ၂၀၁၅ ရွေးကောက်ပွဲတုန်းကရော ဝင်ပြိုင်သေးလား။

ဖြေ – မပြိုင်ပါဘူးရှင့် ၊ ပါတီစည်းရုံးရေးတာဝန်ဘဲယူပါတယ်။ ကလေးကလည်းငယ်သေးတော့လေ။

မေး - ဒီနှစ်တော့ လုပ်မှာပေါ့နော် ၊ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘယ်ဒေသတွေကို ကိုယ်စားပြုပြီး ဘာတွေ ဦးစားပေးလုပ်သွားဖို့ ရှိပါသလဲ။ 

ဖြေ -“ဟုတ်ကဲ့ လုပ်မှာပါ ။ ကျမတို့သီပေါမှာ မြို့ပေါ်ရပ်ကွက် ၇ ခုနဲ့ စာရင်းပြုစုပြီးသလောက်ဆိုရင်  ကျေးရွာအုပ်စုပေါင်း ၄၂ စုရှိပါတယ်။ ကျမက ကျေးလက်တောရွာတွေကို အရင်ဆုံးဦးစားပေးပြီး ဆောင်ရွက်သွားမှာပါ။ လုပ်ချင်တာတွေ လုပ်စရာရှိတာတွေတော့ အများကြီးပါပဲ။

ကျမတို့ သီပေါမှာ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုပြဿနာ၊ ကုမ္ပဏီတွေရဲ့ ရေကာတာစီမံကိန်းကြောင့် သဘာဝဝန်းကျင်ပျက်စီးမှုပြဿနာ၊ လက်နက်ကိုင်အဖွဲ့တွေများပြီး နယ်မြေအေးချမ်းတည်ငြိမ်မှုမရှိလို့ စစ်ပြေးရှောင်ရတဲ့ ပြဿနာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတောတွေအများကြီးပါပဲ။ အဲဒီထဲကမှ ဦးစားပေးလုပ်ရမယ့်ဟာဆိုရင် ပညာရေးတိုးတက်ဖွံ့ဖြိုးမှုကို လုပ်ပါမယ်။ ဘာကြောင့်လဲဆို ပညာရေးဟာ အရာရာတိုင်းရဲ့ သော့ချက်ပါပဲ။အသိပညာရှိရင် ပြဿနာတွေ ဖြေရှင်းရ လွယ်ပါလိမ့်မယ်။ ကျမတို့ ရွာကလူတွေဟာ  ဆန္ဒမဲကို ဘယ်လိုပေးရမှန်းတောင်မသိ၊ တံဆိပ်ကိုတောင် မှန်အောင်မထုတတ်တဲ့အထိဖြစ်ရတယ်။ စာမတတ်လို့ပေါ့နော်၊  ဒါကြောင့် ပညာရေးကို ဦးစားပေးလုပ်ဆောင်သွားပါမယ်။ 

မေး - လက်ရှိရထားတဲ့ မဲရလဒ်တွေအရ ရှမ်းပြည်နယ်လွှတ်တော် အခင်းအကျင်းဘယ်လို ဖြစ်နိုင်သလဲ။

ဖြေ - “ကျမအနေနဲ့က  လွှတ်တော်အတွေ့အကြုံမရှိသေးလို့ အခင်းအကျင်းဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ သုံးသပ်လို့မရသေးပါဘူး။ ဒါပေမဲ့ ပြောနိုင်တာကတော့ ကျမတို့ပါတီက နေရာ အတော်များများနိုင်ထားတော့ လွှတ်တော်ထဲမှာ အသံတွေပိုများပြီး ပြည်သူတွေရဲ့ လိုလားချက်တွေ ရလာအောင် တင်ပြပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြည်သူတွေနဲ့ သဟဇာတမဖြစ်တဲ့ အခြေခံ ဥပဒေတွေလည်း ပြုပြင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ 

မေး - နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ။

ဖြေ -  “ကျမတို့ SNLD ပါတီပေါ် ယုံကြည်စိတ်ချစွာမဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်ပြည်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျမအနေနဲ့လည်း ကိုယ်စွမ်းအား ဉာဏ်စွမ်းအားရှိသလောက် ပြည်သူ့အကျိုး ပြည်သူ့လိုအပ်ချက်တွေကို အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားပါမယ်။ ကျမတို့ပါတီတစ်ခု တည်းနဲ့ ဆောင်ရွက်လို့မရတာမျိုး လက်လှမ်းမမှီတဲ့နေရာတွေဆိုရင် နယ်မြေထဲက အခြားပါတီ တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရပါမယ်။ အရင်ကလည်း အန်အယ်လ်ဒီနဲ့ ချိတ်ဆက်ပြီး ရွာမှာမီးလင်းဖို့ကိစ္စတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဥပမာကျားဖြူပါတီဆိုရင်လည်း ရွေးကောက်ပွဲ မှာ မ နိုင်ပေမယ့်လည်း လူထုအကျိုးအတွက် ဒေသထဲမှာ ကျမတို့ ပူးပေါင်းဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။”

မေး - အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ 

 နန်းမွန်းမွန်းပေါင်းဟာ သီပေါမြို့ဇာတိဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်က မန္တလေး ကွန်ပြူတာ တက္ကသိုလ်ကနေ ကွန်ပြူတာဒီပလိုမာ အောင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ မန္တလေးတက္ကသိုလ်ကနေ ပထဝီဘာသာအဓိကနဲ့ ဝိဇ္ဇာဘွဲ့ရခဲ့ပါတယ်။ SNLD ပါတီဗဟိုကော်မတီဝင် ၁ ဦးဖြစ်ပြီး သီပေါမြို့နယ် ဝုန်းမေတ္တာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ လည်းဖြစ်ပါတယ် ။ 

ဓာတ်ပုံ- နန်းမွန်းမွန်းပေါင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013