DVB Logo
Home
မြန်မာသတင်း
ဓမ္မဘက်က ရပ်တည်မည်ဟု နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအပြီး SNLD ကြေညာ
DVB
·
May 27, 2022
ဓမ္မဘက်က ရပ်တည်မည်ဟု နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအပြီး  SNLD ကြေညာ
Donate to DVB

အာဏာရှင်စနစ်တိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်ဖို့နဲ့ အပြောင်းအလဲမြန်ဆန်နေတဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အခင်းအကျင်းတွေမှာ တရားဓမ္မဘက်ကနေ ရပ်တည်ဆောင်ရွက်သွားမယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီက ကြေညာပါတယ်။ 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ၂ ရက်တာကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံအပြီး ဒီကနေ့ မေလ ၂၇ ရက်မှာ ခုလိုထုတ်ပြန်ကြေညာလိုက်တာပါ။ 

ပြည်တွင်းငြိမ်းချမ်းရေးကို အားလုံးပါဝင်ရေးမူနဲ့ ဆောင်ရွက်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုဦးတည်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းရေးဆွဲသွားဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ရဲ့  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းမူဝါဒကြေငြာစာတမ်းကို အကောင်အထည်ဖော်ရေး၊ ရှမ်းပြည်နဲ့ နိုင်ငံအနှံ့မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေရပ်တံ့ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

ပါတီအနေနဲ့ တိုင်းပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့ ကောင်းမွန်သောပညာရေးစနစ် တိုးတက်မြင့်မားရေး တွန်းအားပေးဆောင်ရွက်သွားမှာဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါတွေ ကင်းစင်တဲ့အထိ တတ်အားသရွေ့ဆောင်ရွက်သွားမယ်လို့လည်း ကြေညာထားပါတယ်။ 

အင်အားကြီးနိုင်ငံရေးပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ တနိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကြီးကို  မေ ၂၆ ရက်ကနေ  ၂၇ ရက်အထိ  ၂ ရက်တာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီတစ်ကြိမ်ညီလာခံမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၃၁ ဦးအပါအဝင် ဗဟိုကော်မတီဝင် စုစုပေါင်း ၁၁၇ ဦးကို ပါတီဖွဲ့စည်းပုံစည်းမျဉ်းနဲ့အတူ ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။

ပါတီထိပ်ပိုင်းခေါင်းဆောင် ဥက္ကဋ္ဌအဖြစ် ဦးစိုင်းညွန့်လွင် ၊ ဒုဥက္ကဋ္ဌ-၁ အဖြစ် စိုင်းခမ်းပိုင်ဖ (ခ) ဦးခင်မောင်ညွန့်၊ ဒုဥက္ကဋ္ဌ-၂ စိုင်းလှဖေ၊ အထွေထွေအတွင်းရေးမှူး စိုင်းလ (ခ) စိုင်းလိတ် ၊ တွဲဘက် အတွင်းရေးမှူး- ၁ စိုင်းကျော်ညွန့်၊ တွဲဘက်အတွင်းရေးမှူး-၂  စိုင်းဆမ်ဖွဏ်ဆိုင်တို့ ပြန်လည် အရွေးခံခဲ့ရပါတယ်။  

ကျားခေါင်းပါတီလို့လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကို ၁၉၈၈ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီး ပါတီရဲ့ နိုင်ငံရေးမူဝါဒကတော့ ဖက်ဒရယ် ဒီမိုကရေစီစနစ် သွားဖို့နဲ့ တန်းတူရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိ ရေးဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ  ပါတီပြီးရင် ဒုတိယ အမတ်အများ ဆုံးရခဲ့ပါတယ်။  ၂၀၀၅ ခုနှစ်မှာ ပါတီခေါင်းဆောင်တွေ ဖမ်းဆီးထောင်ချခံရပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခြင်းမရှိဘဲ အန်အယ်လ်ဒီနဲ့အတူ သပိတ်မှောက်ခဲ့ပါတယ်။ 

၂၀၁၂ မှာ ပါတီခေါင်းဆောင်တွေ  ပြန်လွတ်လာကာ ၂၀၁၅ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ   အမတ်နေရာ စုစုပေါင်း ၄၇ နေရာ အနိုင်ရခဲ့ပါတယ်။  

ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာတော့ SNLD ပါတီက ပြည်သူ့လွှတ်တော်အတွက် ၁၃ နေရာ ၊ အမျိုးသားလွှတ်တော် ၂ နေရာ၊ တိုင်းနဲ့ပြည်နယ်လွှတ်တော် ၂၇ နေရာ စုစုပေါင်း    ၄၂ နေရာနဲ့  NLD နဲ့ ကြံ့ခိုင်ရေးပါတီပြီးရင် နိုင်ငံရေးပါတီတွေထဲမှာ တတိယနေရာအများဆုံး အနိုင်ရရှိခဲ့တာပါ။ 

SNLD ပါတီကို လက်ရှိ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အစစ်ခံဖို့ အကြောင်းကြားထားတာနဲ့ ပတ်သက်ပြီး  ပါတီကတော့ ပါတီစည်းကမ်းအရ  သွားတော့အစစ်မခံနိုင်ပဲ  ရုံးမှာလာရောက်စစ်ဆေးနိုင်ကြောင်း ပြောထားတာရှိပါတယ်။

စကစ ရွေးကောက်ပွဲကော်မရှင်ကလည်း သတ်မှတ်ထားတဲ့ရက်အတွင်း လာပြီးအစစ်မခံရင် ပါတီဖျက်သိမ်းမယ်ဆိုပြီး သတိပေးထားကာ ဒီကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က သူတို့ကို ဇွန်လ ၃၀ ရက်အထိ အချိန်ထပ်ပေးထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပဖို့ ပြောဆိုနေတာနဲ့ ပတ်သက်ပြီး SNLD အနေနဲ့ကတော့ ဒီ ၂၀၂၂ နှစ်ကုန်တဲ့အထိ ရွေးကောက်ပွဲအကြောင်းကို မစဉ်းစားဘူးလို့ ဆိုပါတယ်။

SNLD  ပါတီကိုထူထောင်ရာမှာပါဝင်ခဲ့သူလည်းဖြစ် ပါတီ ဥက္ကဋ္ဌဟောင်းဖြစ်တဲ့  ဝါရင့်နိုင်ငံရေးသမားကြီး ဦးခွန်ထွန်းဦးကတော့ ပြီးခဲ့တဲ့   ဧပြီ ၃၀ ရက်က ရန်ကုန်မြို့ရှိ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Photo- SNLD

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013