DVB Logo
Home
မြန်မာသတင်း
အေအေ ဖမ်းထားသည့် အန်အယ်လ်ဒီအမတ်များအား အမြန်ပြန်လွှတ်ပေးရန် ဗြိတိန်တောင်းဆို
DVB
·
November 10, 2020
အေအေ ဖမ်းထားသည့် အန်အယ်လ်ဒီအမတ်များအား အမြန်ပြန်လွှတ်ပေးရန် ဗြိတိန်တောင်းဆို
Donate to DVB

ရက္ခိုင့်တပ်မတော်(အေအေ) လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဗြိတိန် နိုင်ငံခြားရေးဌာန အာရှဒေသဆိုင်ရာသံအမတ်ကြီး Nigel Adams ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ မြန်မာ့ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အဲဒီထုတ်ပြန်ချက်ထဲမှာတော့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းနေဆဲ ဖြစ်တဲ့ မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဟာ ထူးခြားတဲ့မှတ်တိုင်တခု ဖြစ်တယ်လို့ ကနဦး ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေဟာ ခက်ခက်ခဲခဲရရှိထားတဲ့ မဲပေးနိုင်ခွင့်နဲ့အတူ အများအပြား မဲပေးခဲ့ကြတာ မြင်ရတဲ့အတွက်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေ ထောက်ခံအားပေးတဲ့ ငြိမ်းချမ်းရေးနဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်အတွက် ဗြိတိန်နိုင်ငံအနေနဲ့လည်း ဆက်ပြီး ထောက်ခံအားပေးသွားမှာဖြစ်ကာ အစိုးရသစ်နဲ့ အရပ်ဘက် လူမှုဆိုင်ရာ အဖွဲ့အစည်းတွေနဲ့အတူ ဆက်လက်ပြီးတော့ လက်တွဲလုပ် ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေ အပါအဝင် တိုင်းရင်းသား လူနည်းစုတွေ ဆန္ဒမဲပေးနိုင်ခွင့်မရတာ၊ တချို့သော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပွင့်လင်းမြင်သာမှုမရှိဘဲ ရွေးကောက်ပွဲ ကျင်းနိုင်ခြင်းမရှိတာတွေကိုတော့ စိတ်ပျက်မိကြောင်း ဖော်ပြထားခဲ့တာပါ။

အခုအချိန်ဟာ မြန်မာနိုင်ငံအနေနဲ့ အားလုံးတန်းတူပါဝင်နိုင်မယ့် နိုင်ငံသားအခွင့်အရေးဆိုင်ရာ ဥပဒေတွေ ပြင်ဆင်နိုင်ဖို့ အရေးကြီးနေပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ဒေသတွေမှာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ တိုက်တွန်းထားပါတယ်။

နောက်ပြီး ရက္ခိုင့်တပ်မတော်(အေအေ)လက်နက်ကိုင်အဖွဲ့က လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာကိုလည်း ဗြိတိန်အနေနဲ့ ရှုတ်ချကြောင်းနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

အန်အယ်လ်ဒီပါတီက ရွေးကောက်ပွဲ  အောင်နိုင်ရေး စည်းရုံးလှုပ်ရှားနေတဲ့  ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို အောက်တိုဘာ ၁၄ ရက်မနက်က  တောင်ကုတ်မြို့နယ်‌ ဖောင်းခါးကျေးရွာမှာ အေအေက သေနတ်နဲ့ချိန်ရွယ် ရိုက်နှက်ကာ ကြိုးတုပ် ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

လက်နက်ပြ ခြိမ်းခြောက် ဖမ်းဆီးမှုဟာ တရားမျှတမှုမရှိတဲ့ အကြမ်းဖက်ဖမ်းဆီးမှု ဖြစ်တာကြောင့် ပြင်းထန်စွာရှုတ်ချပြီး လက်နက်အားကိုး အနိုင်အထက်ပြု ဖမ်းဆီးမှုကို လက်မခံဘဲ ဖမ်းဆီးခံ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဘက်က ရပ်တည်ပြီး ဆန့်ကျင်ကြဖို့လည်း ပြည်သူတွေကို အန်အယ်လ်ဒီက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013