မင်းလှမြို့ မဲရုံ ၁၁၇ ရုံအနက် ၁၁၅ ရုံတွင် အန်အယ်လ်ဒီအနိုင်ရ
DVB
·
November 9, 2020

ပဲခူးတိုင်းသာယာဝတီခရိုင် မင်းလှမြို့နယ်တွင် မဲရုံစုစုပေါင်း ၁၁၇ ရုံရှိပြီး အန်အယ်လ်ဒီက အပြတ်အသတ်နိုင်နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့ မနက် ၄ နာရီလောက်ထိ ရေတွက်ပြီးသား ဆန္ဒမဲတွေကို လာပို့နေတဲ့အတွက် မြို့နယ်ကော်မရှင်ရုံးမှာ စစ်ဆေးရေတွက်နေရတယ်လို့ အန်အယ်လ်ဒီ အောင်နိုင်ရေးအဖွဲ့ တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။
မဲရုံ ၁၁၇ ရုံရှိတဲ့အနက် အန်အယ်လ်ဒီက ၁၁၅ ရုံမှာ အနိုင်ရရှိပြီး အမှတ် (၁) ခြေလျင်တပ်ရင်း စစ်သည် မိသားစုတွေ မဲပေးတဲ့ မဲရုံနဲ့ ပေါက်ကုန်ကျေးရွာ မဲရုံတို့မှာ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိသွားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုမျိုးမင်းအောင်က ပြောပါတယ်။
မင်းလှမြို့နယ်မှာ ပါတီ ၄ ခုဝင်ရောက်ယှဉ်ပြိုင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်အားလုံး အနိုင်ရရှိသွားတယ်လို့ မင်းလှမြို့နယ်ကော်မရှင်ရုံးက သိရပါတယ်။
၂၀၁၅ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတုန်းကလည်း NLD ပါတီကပဲ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
သတင်း - သက်နိုင်ဝင်း