
နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနေ့မှာ ဧရာဝတီတိုင်း ပြန်လာပြီး မဲပေးမယ့်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါစစ်ဆေးပြီး တိုင်းအတွင်း ဝင်ခွင့်ပေးမယ်လို့ သိရပါတယ်။
မဲပေးဖို့ ပြန်လည်ဝင်ရောက်လာမယ့်သူတွေကို တိုင်းအတွင်း ဝင်ပေါက်ဂိတ်တွေမှာ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ အခမဲ့စစ်ဆေးပေးသွားမှာဖြစ်ပြီး ရောဂါပိုးတွေ့ရှိပါက ဆေးကုသမှုခံယူရမယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းအစိုးရအဖွဲမှ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက “နိုဝင်ဘာ ၈ ရက်နေ့ကျရင် မဲဆန္ဒရှင်ပြည်သူတွေ မဲလာထည့်နိုင်ရေးအတွက် ဧရာဝတီတိုင်းကို ဝင်တဲ့ဂိတ်တွေမှာ ကိုဗစ်စစ်ဆေးမှုတွေ ပြုလုပ်ပါမယ်။ မဲဆန္ဒရှင် ပြည်သူတွေက ကိုဗစ် စစ်ဆေးမှု ခံယူပြီးတဲ့အခါ သက်ဆိုင်ရာမြို့နယ်မှာ မဲပေးလို့ရပါတယ်။” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းကို ပြန်လာပြီး မဲပေးမယ့်သူတွေအနေနဲ့ မဲပေးပြီးတဲ့အခါ မိမိလာတဲ့ အရပ်ဒေသကို ပြန်ရမယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းကနေ အခြားတိုင်းနဲ့ပြည်နယ်တွေမှာ သွားရောက်အလုပ်လုပ်နေသူ၊ ယာယီနေထိုင်သူ များစွာရှိနေပြီး ပြန်လာမယ့်သူတွေကို တိုင်းအတွင်းဝင်ရောက်တဲ့ ပန်တိုင်ဂိတ်၊ ဘတ်ရဲဂိတ်၊ မဲဇလီဂိတ်၊ ခတ္ထိယဂိတ်နဲ့ ဒေးဒရဲမြို့အဝင်ဂိတ်တွေမှာ ကိုဗစ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။
သတင်း - မင်းထက်မုန်း၊ ဓာတ်ပုံ - အောင်မြသန်း










