DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုမြို့နယ်၌ မဲလက်မှတ်မှားယွင်းမှုဖြစ်ပွားသဖြင့် ကြိုတင်မဲပြန်ပေးရမည် 
DVB
·
November 4, 2020
ဒီးမော့ဆိုမြို့နယ်၌ မဲလက်မှတ်မှားယွင်းမှုဖြစ်ပွားသဖြင့် ကြိုတင်မဲပြန်ပေးရမည် 
Donate to DVB

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အိုကေကျေးရွာအုပ်စုရှိ အိုကေကျေးရွာမဲရုံ (၁)မှာ ကြိုတင်မဲလက်မှတ် မှားယွင်းဖြန့်ဝေခဲ့တဲ့အတွက် မဲဆန္ဒရှင် ၆၆ ယောက်ကို ကြိုတင်မဲ ပြန်ပေးစေမယ်လို့ ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောပါတယ်။ 

“အဲဒီကိစ္စ ဖြစ်ဖြစ်ချင်း အဲဒါတခါတည်း သူတို့ ဒီးမော့ဆိုမြို့နယ် စေ့စပ်ညှိနှိုင်းရေး ကော်မီတီမှာက သက်ဆိုင်ရာ ပါတီအားလုံးရဲ့ကိုယ်စားလှယ်တွေပါဖိတ်တယ်။ တချို့လည်း တက်မယ်၊ တချို့လည်း အကြောင်းအမျိုးမျိုးကြောင့် မတက်တာလည်းရှိမှာပေါ့။ ဒါပေမဲ့ အကုန်လုံး ကို ဖိတ်ပါတယ်။ အဲဒါ စောစောက မဲပေးတဲ့ မဲလက်မှတ်တွေကိုတော့ ဖွင့်ဖောက်ထုတ်ပြီးတော့ ရေတွက်တဲ့အခါမှာ သူက ပါပြီးသားပဲလေ။ အမျိုးသားလားပါလား။ အဲဒီကောင်ကို ပယ်လိုက်မယ်။ ပယ်မဲအဖြစ်လုပ်လိုက်မယ်။ စောစောက ၆၆ ရွက်ထည့်ခဲ့တဲ့လူကို ပြန်ခေါ်ပြီးတော့မှ အသစ်ပြန်ပြီး တော့မှ မဲပေးခိုင်းမယ်။ သူ့ရဲ့မဲပေးပိုင်ခွင့်မဆုံးရှုံးအောင်ပေါ့နော်။ ဒါအားလုံး မြို့နယ် စေ့စပ်ညှိနှိုင်းရေးကော်မီတီက နေပြီးတော့မှ ဆုံးဖြတ်ချက်၊ အဲဒါကို ဗဟို UEC ကို တင်ထားပေး ပြီးသား။”

ဒီးမော့ဆိုမြို့နယ် အိုကေကျေးရွာအုပ်စုက အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၆) နေရာမှာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၇)ရဲ့ မဲဆန္ဒလက်မှတ်တွေ မှားယွင်း ရောက်ရှိနေတာ ဖြစ်ပါတယ်။

အိုကေကျေးရွာအုပ်စုအတွက် မဲလက်မှတ်တွေကို အောက်တိုဘာ ၂၇ ရက်နေ့မှာ ဖြန့်ဝေခဲ့ပြီး နိုဝင်ဘာလ ၂ ရက်မှာ ကြိုတင်မဲထည့်ကြတဲ့ မဲဆန္ဒရှင် ၁၃၀ ဦးရှိတဲ့အထဲမှာမှ ၆၆ ဦးက မဲဆန္ဒလက်မှတ်မှားယွင်းပေးခဲ့မိကြတာဖြစ်ပါတယ်။

ဒီမှားယွင်းမှုဟာ မဲလက်မှတ်တွေစတင် ဖြန့်ဝေတဲ့အထဲမှာ အမှားပါသွားတာဖြစ်တယ်လို့ ပြည်နယ်ကော်မရှင်ဥက္ကဋ္ဌ  ဦးသန်းစိုးက ပြောပါတယ်။ 

“အိုကေကျေးရွာအုပ်စု အမျိုးသားမဲဆန္ဒနယ် ၆ မဲရုံအမှတ် (၁)ကို ဆန္ဒမဲလက်မှတ် ၂၅ အုပ်ပါတစည်း၊ နောက်တခါ အကြွေက ၃ အုပ်ပေါ့။ အားလုံး ၂၈ အုပ်ပေးခဲ့တယ်။ ဒါပေမဲ့ ထုတ်ပေးလိုက်တဲ့ ၂၅ အုပ်ပါအစည်းရဲ့အပေါ်ဆုံး စာအုပ်ကတော့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၆ စာအုပ်ဖြစ်ပြီးတော့မှ ကျန်တဲ့ ၂၄ အုပ်က အမျိုးသားလွှတ်တော် ၇ ဖြစ်နေတယ်။ အဲမှာ အိုကေကျေးရွာအုပ်စု မဲရုံ ၁မှာ ၂ ရက်နေ့က ကြိုတင်မဲက ၁၃၀ လောက်ရှိပြီးတော့မှ အမျိုးသား လွှတ်တော်မဲဆန္ဒ ၇ ဖြစ်နေတဲ့ စာအုပ် ၂ အုပ်က မဲလက်မှတ် ၆၆ ရွက်ကို မှားယွင်းသုံးမိတယ်။ အဲဒီအတွက်ကို လမ်းညွှန်မှုခံယူထားပါတယ်။ ”

အခုလိုမှားယွင်းမှုဟာ မမှားသင့်တဲ့အမှားဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲဆင့်ဆင့်က မဲလက်မှတ်ကို သေချာစိစစ်ဖို့ လိုတယ်လို့ ဒီးမော့ဆိုမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) မှာဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ် လောင်း ဦးမောတခဲက ပြောပါတယ်။

“ကျနော့်အနေနဲ့က ဒါက လုံးဝမမှားသင့်တဲ့အမှားဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ဒီ မဲလက်မှတ်တွေကို မြို့နယ်ကော်မရှင်ကနေပြီးတော့ ရပ်ကျေးကော်မရှင်ကိုထုတ်ပေးတဲ့နေရာ မျိုးမှာ သေချာစိစစ်ပြီးတော့ ထုတ်ပေးတဲ့သူကော လက်ခံတဲ့သူကော သေချာလုပ်သင့်တယ်။ နောက်တခု ဒီလို မှားမှန်းမသိဘူးဆိုရင်တောင်မှ ကြိုတင်မဲပေးတဲ့လူတွေကို တစောင်ချင်းထုတ်ပေး တဲ့နေရာမှာလည်း စာရင်းရေးသွင်းရတာဖြစ်တဲ့အတွက် လုံးဝမမှားသင့်ဘူး။ ဘာလို့လဲဆိုရင် တစောင်ချင်းကို ထုတ်ပေးတဲ့အတွက် သိသိသာသာကြီးပဲပေါ့နော်။ အထူးသဖြင့် ကျနော်တို့ ပါတီလိုမျိုးက အရမ်းသိသာတယ်။ ကျနော်တို့က ကယန်းအမျိုးသားပါတီနဲ့ မဟာမိတ်လုပ်ထား တဲ့အတွက် မဲဆန္ဒနယ် ၆ မှာက ကယန်းပါတီကဝင်မပြိုင်ဘူး။ မဲဆန္ဒနယ် ၇ မှာက ကျနော်တို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ဝင်မပြိုင်ဘူးပေါ့။ ဆိုတော့ လိုဂိုတွေကအစ အရမ်းသိသာနေတာဖြစ်တယ်ဆိုတော့ ဒီနေရာအပေါ်မှာ မှားယွင်းမှုဖြစ်သွားကတော့ မြို့နယ် ယူအီးစီ၊ ရပ်ကျေးယူအီးစီအဆင့်ဆင့်ရဲ့ ပေါ့ဆမှုလို့ပဲ ကျနော်ပြောချင်ပါ တယ်ခင်ဗျာ။”

ဒီးမော့ဆိုမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၆)မှာ မဲဆန္ဒရှင်ကျေးရွာအုပ်စု ၁၅ အုပ်စုရှိပြီး ကျေးရွာပေါင်း ၈၅ ရွာရှိပါတယ်လို့ သိရပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ မဲဆန္ဒရှင်စာရင်းက ၂၆၈၁၃ ဦးရှိပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013