DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ လုပ်ငန်းရှင်အချို့ လုပ်ငန်းယာယီပိတ်ပြီး ထွက်ပြေးမှုများရှိ
DVB
·
October 31, 2020
ကိုဗစ်ကာလ လုပ်ငန်းရှင်အချို့ လုပ်ငန်းယာယီပိတ်ပြီး ထွက်ပြေးမှုများရှိ
Donate to DVB

ကိုဗစ်-၁၉ ကာလမှာ နိုင်ငံခြားသားလုပ်ငန်းရှင်တချို့ လုပ်ငန်းယာယီပိတ်ပြီး ပစ္စည်းတွေပါ ရောင်းချ ထွက်ပြေးတာတွေ ရှိနေပါတယ်။ အလုပ်သမားတွေကို အလုပ်ပိတ်နစ်နာကြေး ပေးချေတာမရှိဘဲ သက်ဆိုင်ရာ အလုပ်သမားဌာနတွေဆီမှာ လုပ်ငန်းကို လအပိုင်းအခြားအလိုက်ယာယီပိတ်ခွင့်တင်ပြီး စက်ရုံတွင်းရှိ ပစ္စည်းတွေပါ ရောင်းချထွက်ပြေးတာကြောင့် လုပ်သားရပိုင်ခွင့်တွေကိုလည်း မပေးချေနိုင်တာတွေရှိပါတယ်။


အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရန်ကုန်တိုင်းဦးစီးမှူး ဦးခင်မောင်သွင်က “လက်ရှိလှိုင်သာယာမှာ ဆရာစိစစ်ခိုင်းထားတဲ့ စက်ရုံ တရုံရှိတယ်။ ခဏပိတ်မယ်ဆိုပြီး လုံးဝပြန်မဖွင့်တော့ဘူး။ အလုပ်ရှင်ကလည်း ပြည်ပကနေ ပြန်မလာတော့ဘူးပေါ့နော်။ အဲဒီလိုတွေရှိတယ်။ အဲဒီတော့ လုပ်သားတွေကို လုပ်သက်နစ်နာကြေး၊ အလုပ်ထုတ်နစ်နာကြေးပေးဖို့ဆိုတာက ပိုင်ရှင်ရဲ့ ပိုင်ဆိုင်မှု ပစ္စည်းကျန်ခဲ့တဲ့ စက်ရုံတွေကျတော့ အစိုးရအဖွဲ့ကိုတင်ပြပြီး စာရင်းကောက်၊ ဝရမ်းကပ် လေလံဆွဲ လုပ်လို့ရတယ်” လို့ ပြောပါတယ်။


ပစ္စည်းမကျန်ခဲ့တဲ့ စက်ရုံတွေအတွက်ကတော့ နစ်နာခဲ့တဲ့ အလုပ်သမားတွေကို တခြား လုပ်ငန်း အမျိုးအစားတူတဲ့ စက်ရုံတွေမှာ အလုပ်ပြန်ခန့်ပေးနိုင်ဖို့ ညှိနှိုင်းပေးတာမျိုးလုပ်ပေးပြီး ပြန်ခန့်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။


မြန်မာပြည်တွင်း ကိုဗစ်ဒုတိယလှိုင်းစတင်ချိန်ကနေ လက်ရှိအထိ ယာယီပိတ်သိမ်းခွင့်တင်ပြခဲ့တဲ့ စက်ရုံအလုပ်ရုံပေါင်း ၂၀ ကျော် ရှိနေပြီး ပြန်လည်ဖွင့်လှစ်တဲ့ စက်ရုံတွေရှိသလို တချို့ လုပ်ငန်းရှင်တွေကတော့ ယာယီပိတ်ခွင့်တင်ထားတဲ့ကာလအတွင်း စက်ရုံတွင်း ပစ္စည်းတွေပါ ရောင်းချကာ ထွက်ပြေးသွားကြတာပါ။


ဒါကြောင့် အလုပ်အကိုင်ခက်ခဲတဲ့ ဒီကာလမှာ ဒုက္ခရောက်နေရတဲ့ အလုပ်သမားတွေ များနေတယ်လို့ အလုပ်ပိတ်နစ်နာကြေးမရခဲ့တဲ့ လုပ်သားတယောက်ဖြစ်သူ Myanmar Hui Yang စက်ရုံလုပ်သား မသန်းသန်းစိုးက ပြောပါတယ်။


“စက်ရုံယာယီပိတ်ပြီး ပြန်ဖွင့်မယ်ဆိုတဲ့နေ့မှာ အလုပ်သွားဆင်းတယ်။ ကျမနဲ့အတူ အလုပ်သမား ၁၀၀ ကျော်လောက်ပါတယ်။ ဒါပေမဲ့ စက်ရုံက အဝင်မခံဘူး။ ဘယ်လိုအထောက်အထားပြပြ။ အဲ့ဒါနဲ့ အလုပ်သမားဌာနတွေကို အကြောင်းကြားတော့ ဌာနကလည်း ရောက်လာပြီးမေးတော့မှ ဒီစက်ရုံကို ဂိုဒေါင်အဖြစ်ငှားထားတာလို့ သိရတယ်။ အဲ့တော့ ဌာနတွေက ဒါဆိုလုပ်ငန်းရှင်ပြေးပြီလို့ ပြောတယ်။ ခုထိဌာနကလည်း မရှင်းပေးနိုင်လို့ ကျမတို့လုပ်သားတွေ ဘာနစ်နာကြေး တပြားတချပ်မှမရဘူး။ ငယ်ရွယ်သူတွေကတော့ အလုပ်ပြန် လျှောက်လို့ ရချင်ရမယ်။ ကျမကတော့ အလုပ်ပြန်လျှောက်လို့ မရဘူး။ အတော်လေး ဒုက္ခရောက်နေရတယ်” လို့ ပြောပါတယ်။


မြန်မာပြည်တွင်း ကိုဗစ် ပထမလှိုင်းကာလမှာ စက်ရုံတွေ ကုန်ကြမ်းပြတ်လတ်တဲ့အခြေအနေတွေကြောင့် စက်ရုံအလုပ်ရုံပေါင်း  ၂၇၀ ကျော်ပိတ်သိမ်းခဲ့ရပြီး စက်ရုံလုပ်သား ၆၀၀၀၀ ကျော်လောက် အလုပ်ပြုတ်ခဲ့ရပါတယ်။


အခု ဒုတိယလှိုင်းကာလမှာလည်း ကုန်အမှာအော်ဒါမရရှိတဲ့ အခြေအနေတွေကြောင့် အပြီးပိတ်သိမ်းတဲ့ စက်ရုံအလုပ်ရုံပေါင်း ၃၀ ကျော်၊ ယာယီပိတ်ခွင့်တင်ထားတဲ့ စက်ရုံအလုပ်ရုံပေါင်း ၂၀ ကျော်၊ လုပ်သား အင်အားလျှော့ချလာတဲ့ စက်ရုံပေါင်း ၁၁၀ ကျော် ရှိခဲ့ပြီး အလုပ်ပြုတ်တဲ့ လုပ်သားဦးရေ ၃၀၀၀၀ ကျော်ရှိနေပါတယ်။


ဇာခြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013