လားရှိုးမြို့နယ်၌ အသက် ၆၀ ကျော်အရွယ်များ ကြိုတင်မဲ စပေးနေ
DVB
·
October 27, 2020

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှာ အသက် ၆၀ ကျော်အရွယ် မဲဆန္ဒရှင်တွေ စတင် ကြိုတင်မဲလာပေးနေ ကြပါတယ်။
ရပ်ကွက်မဲရုံတွေမှာ မဲဆန္ဒရှင်တွေအတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးအတွက် လက်ဆေးရန်ဘေစင်၊ ဟန်းဂျယ်လ်တွေ အပြင် mask မတပ်လာသူတွေအတွက် mask တွေ ပြင်ဆင်ထားတာတွေ့ရပါတယ်။
ဒါပေမဲ့ မိုးရွာနေတဲ့အတွက် မိုးကာတဲအတွင်း သက်ကြီးရွယ်အိုတွေ ခြောက်ပေမခြားပဲ မိုးခိုနေကြတာကို တွေ့ရသလို မဲရုံဝန်ထမ်းတွေဟာ မဲလက်မှတ်တွေနဲ့ စာအိတ်တွေ မိုးရေစိုမှာစိုးရိမ်နေကြပြီး၊ မဲလက်မှတ်တွေ အဆင်သင့်မဖြစ်သေးတာတွေ့ရပါတယ်။
သက်ကြီးရွယ်အိုတွေ မဲရုံသို့မလာရောက်နိုင်ပါက ရပ်ကွက်ရွေးကောက်ပွဲမရှင်သို့ လာရောက် အကြောင်းကြားရင် မဲရုံဝန်ထမ်းနှစ်ယောက်လွှတ်ပြီး မဲထည့်ဖို့စီစဉ်ပေးမှာဖြစ်တယ်လို့ လားရှိုးမြို့၊ ရပ်ကွက် ၁ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ပြောပါတယ်။
လားရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိုင်းဇော်မင်းကတော့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် ကိုဗစ် ကာကွယ်ရေးပစ္စည်း တွေဖြစ်တဲ့ mask၊ hand gel၊ လက်အိတ်၊ faceshield တွေနဲ့ မဲလက်မှတ်တွေအားလုံး ဖြန့်ဝေမထားရသေးဘူးလို့ ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက အောက်တိုဘာ ၂၉ မှသာ ကြိုတင်မဲ စတင်မယ် လို့ ကြေညာထားပေမဲ့ အောက်တိုဘာ ၂၄ နေ့က ရုတ်တရက်ကြီး ၂၅ နေ့စတင်ဖို့ ညွှန်ကြားခဲ့လို့ အလောတကြီး စီစဉ်ရတယ်လို့ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းတွေ မန္တလေးကို ဆင်းယူနေဆဲဖြစ်ပြီး ခရိုင်၊ မြို့နယ်၊ ရပ်ကျေး ရွေးကောက်ပွဲကော်မရှင်တွေက မိမိတို့ရှိတာနဲ့ စတင်နေကြတာဖြစ်တယ် လို့ ပြောပါတယ်။
သတင်း - နန်းစံပယ်