DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် လူမှုကူညီရေးအဖွဲ့အချို့ နှောင့်ယှက်ခံရ 
DVB
·
October 26, 2020
မန္တလေးတွင် လူမှုကူညီရေးအဖွဲ့အချို့ နှောင့်ယှက်ခံရ 
1 / 3
Donate to DVB

မန္တလေးမြို့မှာ ကိုဗစ်-၁၉ ကာအတွင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ပရဟိတအသင်းတချို့ကို ကိုယ်ထိလက်ရောက် နှောင့်ယှက်စော်ကားမှုတွေ ရှိနေတယ်လို့ မြို့ခံ လူမှုကယ်ဆယ်ရေး အသင်းတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့ ည ၇ နာရီလောက်က ဆေးရုံကို အောက်ဆီဂျင်စက် သွားရောက်ပို့ဆောင်ပြီး ပြန်လာတဲ့ တဝမေတ္တာ အောက်ဆီဂျင်နဲ့ ပရဟိတ လူမှုကယ်ဆယ်ရေးအသင်း ကားကို မူးယစ်ရမ်းကားတဲ့ လူတချို့က လိုက်လံနှောင့်ယှက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ကား ၁ စီး၊ ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ဦးက လိုက်လံနှောင့်ယှက်ခဲ့တာဖြစ်ပြီး အသင်းကားကို ရပ်တန့်လိုက်ချိန်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူလေးဦးက “မင်းတို့ ပရဟိတအသင်းတွေပဲ လမ်းမပေါ်  ခြေရှုပ်နေတာ” စတဲ့ ရမ်းကားစွာ ပြောဆိုဆက်ဆံတာ၊ ယာဉ်မောင်းတဲ့ အမျိုးသမီးကို ဆောင့်တွန်းကာ ကိုယ်ထိလက်ရောက် လုပ်ဆောင်တာတွေရှိခဲ့တယ်လို့ တဝမေတ္တာ အောက်ဆီဂျင်နဲ့ ပရဟိတ လူမှုကယ်ဆယ်ရေးအသင်းမှ ပြန်ကြားရေး တာဝန်ယူထားတဲ့ ဒေါ်လဲ့ယဉ်မွန်ကျော်က ပြောပါတယ်။

“သူတို့က လက်နက်တွေလည်း ပါလာတယ်။ တစ်ယောက်က ဓားအတို တစ်ချောင်း ပါလာတယ်၊ အဲ့လိုမျိုးပေါ့။ ကျမတို့က ဖုန်းနဲ့ရိုက်တော့ တစ်ယောက်က အတင်းလာပြီး လုတာနဲ့ ကျမက ဖုန်းကို လွယ်အိတ်ထဲ ပြန်သိမ်းထားလိုက်ရ‌တာပေါ့။ အဲ့ဒါနဲ့ ဘေးနားမှာရှိတဲ့ တခြားလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ ရှိတယ်။ ကျမတို့က အဲ့ဘေးရှေ့မှာ ရပ်လိုက်တော့ အဲ့ထဲက လူတွေ၊ လူကြီးတွေ ထွက်လာပြီးပြောမှ မောင်းထွက်ပြေးသွားတယ်။ အရက်ကလည်း တအားသောက်ထားတော့ သူတို့ကိုယ်သူတို့ မနိုင်ဘူး။ ပိုဆိုးတာက သူတို့ ဘာကြောင့် လက်နက်ကိုင်ပြီး နောက်ကနေ အတင်းလိုက်လာတာလဲဆိုတာကို နားမလည်တာပေါ့နော်။"

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဖြူရောင်မန္တလာ လူမှုကယ်ဆယ်ရေးအသင်းက ကား ၁ စီးကို ယာဉ်နံပါတ်ပြားတွေ ချိုးဖဲ့နှောင့်ယှက်ခံရတာတွေရှိတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် လူမှုကူညီရေးအသင်းအဖွဲ့တွေကို လူမှုကွန်ရက် အွန်လိုင်းကနေ စာရေးသား နှောင့်ယှက်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။

တဝမေတ္တာ အောက်ဆီဂျင်နှင့် ပရဟိတ လူမှုကယ်ဆယ်ရေးအသင်းဝင် ဒေါ်လဲ့ယဉ်မွန်ကျော်က “ပရဟိတမောင်နှမတွေ အားလုံး၊ ညီအကိုမောင်နှမတွေအားလုံး သတိထားကြပါ။ သူများအသက်ကို ကယ်တာလည်း မှန်ပါတယ်၊ ဒါပေမဲ့ ကိုယ့်အတွက် ကိုယ်လည်း ကြည့်ပါဦးလို့။ မနေ့ကဆို အရမ်းကြောက်ဖို့ကောင်းတယ်လေ၊ အတင်းကြီး လိုက်လာတာဆိုတော့ ကားထု ဘာထုနဲ့ တကယ့်ရမ်းရမ်းကားကားဆိုတော့ တခါမှ အပြင်မှာ ဒါမျိုးကြုံရလိမ့်မယ်လို့ မတွေးမိဘူး၊ first time ဆိုတော့ နည်းနည်းတော့လန့်ပါတယ်” လို့ ပြောပါတယ်။

မန္တလေးမြို့မှာတော့ ကိုဗစ်ကာလအတွင်း ည ၁၂ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားတာဖြစ်ပြီး ညမထွက်ရအမိန့် ချိုးဖောက်သူတွေကိုလည်း အရေးယူနေပါတယ်။

တဝမေတ္တာ အောက်ဆီဂျင်နှင့် ပရဟိတ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဆောင်းချမ်းအေးက “ကျနော်တို့အတွက်ကတော့ တော်တော်လေး အနှောင့်အယှက်ဖြစ်ပါတယ်။ သူတို့က မူးနေတာလေ၊ မူးနေတဲ့ခါကျတော့ ရုံးသွားရုံးပြန်မှာ အဲ့လိုမျိုးဖြစ်သွားနိုင်တာပေါ့။ အခု ညမထွက်ရအမိန့် ဘာညာဆိုတာလည်း သိပ်ပြီးတော့ မတည်ဘူးဖြစ်နေတာလေ၊ ထွက်နေကြတာပဲ။ ခုဟာ ညဆို ဆေးရုံသန်းခေါင်ဆိုလည်း သွားနေရတာ၊ ပို့ရတာ အနှောင့်အယှက်ဖြစ်ပါတယ်” လို့ ပြောပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ ညစဉ် လှည့်ကင်း၊ ပတ်ကင်းတွေ လှည့်လည်ဆောင်ရွက်နေတဲ့ကြားက လူအသွားအလာပြတ်တဲ့နေရာတွေမှာ အခုလို နှောင့်ယှက်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

သတင်း - ထိန်ထိန်လင်း၊ ဓာတ်ပုံ - တဝမေတ္တာ အောက်ဆီဂျင်နှင့် ပရဟိတလူမှုကယ်ဆယ်ရေးအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013