DVB Logo
Home
Lead Story
လက်မရွံ့ကဗျာဆရာ လှသန်း - ကြည်မောင်သန်း ကိုးနွေ ကိုးမိုး (ဆောင်းပါး)
DVB
·
October 21, 2020
လက်မရွံ့ကဗျာဆရာ လှသန်း - ကြည်မောင်သန်း ကိုးနွေ ကိုးမိုး (ဆောင်းပါး)
1 / 3
Donate to DVB

ကိုးနှစ်ပြည့်ပြီ ဆရာလှသန်း

ရှစ်လေးလုံးဆိုတာ

မသမာတဲ့ အုပ်ချုပ်သူများအတွက်

တစ်ပြည်လုံးက ဆုံးဖြတ်လိုက်တဲ့

စီရင်ချက်ပဲ။” 

#လှသန်း 

~~~~~~~~~~~~~~~~~

သူ့ ကဗျာများ၊ ပြည်သူ့အားပင် 

အာဏာရှင် ပိတ်၊ မလိပ် ကလောင် 

အသွား ထောင်မြဲ၊ သေတိုင်ပဲသာ 

ကဗျာ လှသန်း၊ ကြည်မောင်သန်းရဲ့ 

မှာကြားခဲ့မှု၊

“ဒေါင်းနဲ့စု အကြောင်းဖွဲ့ပြုလို့ 

ကောင်းတဲ့အမှု တည်စေသော်” တဲ့ 

နှစ်ထောင့်ဆယ့်တစ်၊ ထိုခုနှစ်မှာ 

အောက်တိုဘာဖြစ်၊ နှစ်ဆယ့်နှစ်မှာ 

ကွယ်လွန်ရှာခဲ့၊ လှသန်းတဲ့ခေါ် 

စာဆိုကျော်ကြား၊ ဒေါင်းမာန်အားရှိသူပါလား ။

(မောင်တူး 22102011 ကွယ်လွန်ခဲ့တဲ့ ကဗျာလှသန်းသို့)

ကဗျာဆရာလှသန်း (ကြည်မောင်သန်း) ဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်က ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ခဲ့တာ ၉ နှစ် ရှိပါပြီ။ သူ့ကဗျာတွေကို ကြိုက်လွန်းလို့၊ သူ့ကိုလည်း ကြည်ညိုလွန်းလို့ အမြဲ သူ့နာမည်ကို ရေရွတ်နေမိတဲ့အထိပါပဲ။ သူ့ကဗျာတွေမှာ အမှန်တရားတွေ၊ တော်လှန်မာန်သတ္တိတွေ၊ ဒီမိုကရေစီနဲ့ လူထုဆန္ဒလိုအင်တွေ အမြဲတွေ့နေရတယ်။ ၁၉၆၃ ခု မွေးခဲ့တဲ့သူဟာ ၁၉၈၂ ခု မိုးဝေမဂ္ဂဇင်းမှာ “ဆူးလေလမ်း၏ရာဇဝင်” ကဗျာနဲ့ စာပေနယ် စတင်ခြေချခဲ့တယ်။  

ဆူးလေလမ်းရာဇဝင်

ဆူးလေလမ်းဟာ အိပ်ရာက နိုးပြီဆို

ဗဟိုမီးသတ်ကို နှုတ်ဆက်၊ ‘လက်ရွေးစင်’ မှာ

လက်ဘက်ရည်တခွက် သောက်လိုက်တယ် ။

ဆူးလေလမ်းဟာ အမောင်းကြမ်းတဲ့

‘ဒတ်ဆန်း’ ကားတွေကို ကျိန်ဆဲနေတတ်တယ် ။

ဆူးလေလမ်းဟာ နိုင်ငံခြားပစ္စည်းတွေကို

အငမ်းမရ ငေးကြည့်တတ်တယ် ။

ဆူးလေလမ်းဟာ 

ဆယ်တန်းကျောင်းသားတွေနဲ့ အတူ ကျူရှင်တက်တယ်။

ဆူးလေလမ်းဟာ ရေတမာပင်တန်းအောက်က

လက်ကိုင်ပဝါအနွမ်းလေးတထည် ကောက်ရခဲ့ဖူးတယ်။

ဆူးလေလမ်းဟာ ‘ဗန္ဓုလပန်းခြံ’ ထဲမှာ

ဆိုးသွမ်းလူငယ်တွေနှင့်အတူ၊ ဆေးခြောက်ရှူဖူးတယ်။

ဆူးလေလမ်းဟာ မာကြူရီအလင်းတန်းအောက်မှာ

ခရေပန်းကောက်တဲ့ ကလေးတသိုက် ကားတိုက်ခံရမှာ စိုးရိမ်နေတယ် ။

ဆူးလေလမ်းဟာ ဆူးလေဘုရားပွဲမှာ

‘လပ်ကီးဆဲဗင်း’ လည်း ကစားဖူးတယ် ။

ဆူးလေလမ်းဟာ ဗန္ဓုလပန်းခြံစက္ကူပန်းရုံနား

လမ်းဘေးလက္ခဏာဆရာဆီမှာ အနာဂတ်အတွက်

လက္ခဏာကြည့်နေပြန်ပါရော ……… ။        

 #လှသန်း

(မောင်လှသန်း ကလောင်အမည်ဖြင့် မိုးဝေစာပေမဂ္ဂဇင်း ၁၉၈၂ လှသန်း ၏ ပထမဆုံးပုံနှိပ်ကဗျာ) 

လှသန်းကဗျာတွေထဲက “ဒီပရင်္ဂ” ကို ဦးဆုံး ပြေးမြင်မိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံ သတ်ဖြတ်ခဲ့တဲ့၊ သေကံမရောက် သက်မပျောက်ခဲ့ရတဲ့ “ဒီပဲယင်း” အကြောင်းကို “ဒီပရင်္ဂ” ဆိုပြီး သမိုင်းကြောင်း ရာဇဝင်ကြောင်းတွေ နှောရောဝှက်ရေးခဲ့လို့ လက်သံပြောင်လှတဲ့ စာပေစိစစ်ရေးလက်က လွတ်ခဲ့တယ်။ ၂၀၀၈ ဇွန်လ၊ ချယ်ရီမှာ ဖော်ပြခဲ့တယ်။ ဒါက လက်မရွံ့ လှသန်းရဲ့ ကဗျာကိုယ်ဖျောက်ပညာ။   

“ဒီမြို့မှာ...

သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်။

ဒီမြို့မှာ...

သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်။

ဒီမြို့မှာ...

လူငယ်လေးတယောက်

သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်။

ဒီမြို့မှာ...

အမျိုးသမီးတယောက်

သေကံမရောက် သက်မပျောက်

ဖြစ်ခဲ့ရတယ်။                 

(ကြည်မောင်သန်း) ဒီပရင်္ဂ ကဗျာမှ…

အမျိုးသမီးတယောက်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ပါ။ ၂၀၀၃ ခု မေ ၃၀ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီပဲယင်းခရီးစဉ်ကို သူတို့ လုပ်ကြံသတ်ဖြတ်ခဲ့တာ ကမ္ဘာသိဖြစ်ခဲ့တယ်။ အဲဒီအချိန် ကဗျာဆရာလှသန်းကို စိစစ်ရေးက ပိတ်ထားလို့ ကြည်မောင်သန်း နာမည်နဲ့ “ဒီပရင်္ဂ” ကဗျာ ရေးခဲ့တယ်။ “ဒီပရင်္ဂ” ရေးလို့ ကြည်မောင်သန်း ကလောင်ကို ထပ်ပိတ်တော့ နမိတ်ထွန်း၊ စံသိုက်၊ လိပ်ပြာသန့်သန့်၊ ရန်မခ၊ မောင်သီးသန့် ကလောင် တသီတတန်း ကိုယ်ပျောက်ခန်းဖွင့် ရွက်လွှင့် လက်မရွံ့ကဗျာတွေ စပ်ဆိုတော့သပေါ့။ 

သမိုင်းဝင် ၈၈၈၈ အရေးတော်ပုံကြီးဟာ ကြီးမြတ်လှတယ်။ ဒါပေမဲ့ စစ်အာဏာရှင်တွေ ဖောက်ပြန်သူတွေကတော့ ၈၈၈၈ သမိုင်းကြောင်းကို သေးသိမ်အောင် ပြောဆို လုပ်ကိုင်နေကြတယ်။ လက်မရွံ့ ကဗျာဆရာ လှသန်းဟာ ၈၈၈၈ အရေးတော်ပုံကြီးကိုလည်း ကဗျာတပုဒ်နဲ့ သိဒ္ဓိတင်ခဲ့တယ်။ 

 

 

၈ ၊ ၈ ၊ ၈၈

ရှစ်လေးလုံးဆိုတာ

မသမာတဲ့ အုပ်ချုပ်သူများအတွက်

တပြည်လုံးက ဆုံးဖြတ်လိုက်တဲ့

စီရင်ချက်ပဲ။

ရှစ်လေးလုံးဆိုတာ

ဖြတ်သန်းဖူးသူတိုင်း လူဖြစ်ကျိုးနပ်စေတဲ့

လူသားရဲ့ ရပိုင်ခွင့်နဲ့တာဝန်ကို သင်ပေးတဲ့

ဧရာမ သင်ခန်းစာပဲ။

ရှစ်လေးလုံးဆိုတာ

နိုင်ငံတကာ အုံကြွမှုများအတွက်

အကောင်းဆုံး နမူနာပုံစံ

စွန့်ဦးတီထွင် သမိုင်းဝင်အရေးတော်ပုံ ဖြစ်တယ် ။ ။ 

#လှသန်း

(နွယ်နီ မဂ္ဂဇင်း သြဂုတ်၊ ၂၀၁၃။)

သူဟာ ၁၉၈၉ ခုထုတ် ရနံ့သစ်မဂ္ဂဇင်းမှာ “အသည်းခွဲပြီးနောက် သတင်းစကား” ကဗျာနဲ့ နာမည်ရလာခဲ့ပြီး ကဗျာဆရာလှသန်း (ခ) ကြည်မောင်သန်းဟာ ၁၉၉၀ ခုနှစ်က ကျောင်းသားတပ်မတော် ABSDF နဲ့ ဆက်သွယ်လို့ အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားဘဝနဲ့ ၃ နှစ် ကျော် နေခဲ့ရတယ်။ ၁၉၉၄၊ နိုဝင်ဘာ၊ ဟန်သစ်မဂ္ဂဇင်းပါ “ဖြောင့်ချက်” ကဗျာကို ဟန်သစ်မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ရဲ့ တနှစ်အတွင်း အကြိုက်ဆုံးကဗျာအဖြစ် သတ်မှတ်ခံခဲ့ရတယ်။

၁၉၉၈ ဩဂုတ်၊ ရနံ့သစ် မဂ္ဂဇင်းပါ “လက်”ကဗျာကို မန္တလေး စာဖတ်သူတွေရဲ့ အကြိုက်ဆုံးကဗျာဆု (ထန်းရိပ်ညိုကဗျာဆု) ရခဲ့ပြီး ၁၉၉၄ ဇူလိုင်၊ ရနံ့သစ် မဂ္ဂဇင်းပါ “အနေအထိုင် မတတ်မှုများ” ကဗျာကို  ပြင်ဦးလွင်မှ လူငယ်များက နှစ်သက်သဖြင့် ကျပ်ငွေ ၃၀၀၀၀ ချီးမြှင့်ခံရတယ်။ ၂၀၀၅ ဒီဇင်ဘာ၊ ရနံ့သစ် မဂ္ဂဇင်းမှာ “တောင်အမေရိကကို သွားချင်တယ်” ကဗျာနဲ့ ၂၀၀၆ ပျဉ်းမနားအလယ်ရိုးမ ခေတ်ပေါ်ကဗျာဆု ရခဲ့တယ်။ 

၂၀၀၅ ခု အောက်တိုဘာ၊ နှလုံးအိမ်မဂ္ဂဇင်းက “အာရှတိုက်ရဲ့ တနေရာ” ကဗျာနဲ့  ၂၀၀၆ ရွှေအမြုတေ စာပေဆု(ကဗျာ) ရရှိခဲ့တယ်။ ၂၀၀၆ အောက်တိုဘာ၊ မဟေသီမဂ္ဂဇင်းက “ငါလည်း တနေ့ “ ကဗျာနဲ့ ရွှေဘိုမြို့ ပန်းကဗျာ ခေတ်ပေါ်ကဗျာဆုရခဲ့။ “ဒီပင်္ဂရ” (၂၀၀၈ ဇွန်၊ ချယ်ရီမဂ္ဂဇင်းမှာ ဖော်ပြပြီးနောက်ပိုင်း သူ့ကဗျာတွေကို ပိတ်ပင်ခံလို့ တခြားကလောင်အမည် အမျိုးမျိုးသုံး ရေးခဲ့ရတယ်။

“ဒီပင်္ဂရ” ကဗျာဟာ မိစ္ဆာ နဲ့ သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့တဲ့ ဒီပဲရင်းမြို့ဝန်းကျင်က သမိုင်းဝင် သွေးစွန်းရက်စက်ခဲ့တဲ့ အဖြစ်အပျက်ကို ရေးသားခဲ့တာဖြစ်လို့ ကဗျာဖတ် ပရိသတ်တွေရဲ့ ရင်ကို လှုပ်ခတ်ပြီး စာပေစိစစ်ရေးက နောက်ကြောင်းပြန် အရေးယူခံခဲ့ရတဲ့ ကဗျာတပုဒ်ပါဗျာ။

လူ့ပြည်လူ့ရွာအတွက်

လူတစ်ယောက်ရေးတဲ့ကဗျာ။

စာရွက်ပေါ်မှာစပြီး

စာရွက်ပေါ်မှာဆုံးတဲ့ကဗျာမျိုးကို

ငါမရေးဘူး။

စာရွက်ပေါ်မှာရေးပြီး

လူတွေထဲမှာရှင်တဲ့ကဗျာမျိုးအတွက်

ငါအသင့်ပြင်ထားတယ်။

လူသားတိုင်းသာ

လူ့အခွင့်အရေးကြေညာစာတမ်းမှာပါသလို

လူ့အခွင့်အရေးတွေအပြည့်အဝရခဲ့ရင်

လူ့လောကအနှံ့အပြားမှာ

အလန့်တကြားပြဿနာတွေ မြင်ရ ကြားရမှာ မဟုတ်ဘူး။

မစဉ်းစားချင်တဲ့လူများစုအတွက်

လူနည်းစုကစဉ်းစားခဲ့ကြလို့

လူ့လောကကြီးမပျက်စီးသေးတာ

လူကို လူက စာနာကြ

လူကို လူက ညှာတာကြ

လူကို လူက ထောက်ထားကြ

လူကို လူက ကူညီကြ

လူအချင်းချင်း ကူညီခြင်း

ကမ္ဘာကျော်သီချင်း ဖြစ်ပါစေ။

လူအချင်းချင်း စောင့်လျှောက်ခြင်း

စကြဝဠာမှာ ပေါက်တဲ့သီချင်း ဖြစ်ပါစေ။ ။ 

#လှသန်း

၂၀၁၁ ခု၊ အောက်တိုဘာ ၂၂ မှာ ကျောက်ကပ်ရောဂါနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆရာလှသန်း ကွယ်လွန်ခဲ့တယ်။ သူ့ကဗျာတွေ လိုက်ဖတ်ရင်း ဘယ်ကဗျာကို အခု သူ့ရဲ့  ၉ နှစ်မြောက်စာရဲ့ အဆုံးသတ်မှာ ထည့်သွင်း ဖော်ပြရမယ်ဆိုတာ ရွေးမရဖြစ်နေရဲ့။ ကဲဗျာ အခု တော်သလင်းလ၊ နောက်လက သီတင်းကျွတ်ပေါ့။ ဒီနေ့ ပြည်သူ့ သီတင်းကျွတ် မျှော်လင့်ချက်နဲ့အတူ တော်သလင်းကဗျာကို ရွတ်ကြစို့။ ။

တော်သလင်း

တော်သလင်း နေကြောင့်

ပုစွန်တွေလည်း သေခဲ့ပါပြီ

တော်သလင်း မိုးကြောင့်

ကန်သင်းရိုးလည်း ကျိုးခဲ့ပါပြီ

တော်သလင်းမှာ

အဖော်တစ်သင်းနဲ့

အပျော်သီချင်းတွေ ဆိုချင်ပေမဲ့

ရှိပလေ့စေတော့ တော်သလင်းရေ

အို . . . တော်သလင်းရေ

တော်သလင်းပြီးရင်

သီတင်းကျွတ်မှာပဲ

သီတင်းကျွတ်မှ

မီးပုံးပျံ လွှတ်ရအောင်။ ။  

#လှသန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013