DVB Logo
Home
Lead Story
LGBT တွေ ဘယ်ပါတီကိုမဲပေးကြမလဲ
DVB
·
October 16, 2020
LGBT တွေ ဘယ်ပါတီကိုမဲပေးကြမလဲ
Donate to DVB

နိုဝင်ဘာမှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှာ လိင်စိတ်ခံယူမှုကွဲပြားသူတစ်ဦးအဖြစ် လူသိရှင်ကြား ကြေညာထားသူတစ်ဦး ရှားရှားပါးပါး ပါဝင်လာပါတယ်။

တကယ်လို့ အသက် ၃၉ နှစ်အရွယ် ဦးမျိုးမင်းထွန်းကို မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ်နေ ပြည်သူတွေက မဲပေးရွေးချယ်လိုက်မယ်ဆိုရင် မြန်မာပြည်မှာ လိင်စိတ်ခံယူမှုကွဲပြားသူအဖြစ် အများသိကြေညာထားတဲ့ ပထမဆုံး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပါမယ်။ ဦးမျိုးမင်းထွန်းဟာ ပြည်သူ့ရှေ့ဆောင်ပါတီ (ပီပီပီ) ကို ကိုယ်စားပြုပြီး တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

တကယ်တော့ ဦးမျိုးမင်းထွန်းလိုမျိုး လိင်စိတ်ခံယူမှုကွဲပြားသူတွေ  မြန်မာလူ့အဖွဲ့အစည်းရဲ့ နေရာစုံမှာ ရှိနေပေမယ့် နိုင်ငံရေးနယ်ပယ်ထဲမှာတော့ သူ့လို ပွင့်ပွင့်လင်းလင်း ဝင်အရွေးခံဖို့ ဆိုတာ ရဲရင့်ဖို့တော့ လိုပါတယ်။ အကြောင်းကတော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ လိင်စိတ်ခံယူမှုကွဲပြားသူတွေ (LGBT) အသိုင်းအဝိုင်းအပေါ်အထင်သေးတဲ့ အမြင်တွေဟာ နက်နက်ရှိုင်းရှိုင်းရှိနေဆဲဖြစ်ပါတယ်။

ရှေးကောက်ပွဲဝင်မယ့်  ၁၀၀ ဝန်းကျင်ရှိတဲ့ ပါတီတွေထဲမှာ(LGBT) အရေးကို ထည့်သွင်းစဉ်းစားပေးမယ်လို့ ကြေညာထားတဲ့ ပါတီအရေအတွက်ဟာ လက်ချိုးရေတွက်လို့ ရပါတယ်။ အာဏာရပါတီတွေဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့ရဲ့  ဒီနှစ်ရွေးကောက်ပွဲ ကြေညာစာတမ်းတွေမှာ (LGBT) အရေးလည်း ပါဝင်လာတာဟာ နှစ်ပေါင်းများစွာ ချိုးနှိမ်ခံရခဲ့ရတဲ့ အသိုင်းအဝိုင်းအတွက် အောင်မြင်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ပါတီ အများစုရဲ့  ရွေးကောက်ပွဲ ကြေညာစာတမ်းမှာတော့ (LGBT) အရေးကို အရေးတယူဖော်ပြခဲ့ခြင်း မရှိသလို၊ ဦးမျိုးမင်းထွန်းလိုမျိုး ပွင့်ပွင့်လင်းလင်း ကြေညာပြီး ရွေးကောက်ပွဲဝင်သူဟာလည်း အခုအချိန်ထိတော့ သူတစ်ဦးတည်းပဲ ရှိပါသေးတယ်။

 LGBT တွေကို ခွဲခြားတဲ့ ဓလေ့

မြန်မာ့လူ့အဖွဲ့အစည်းမှာ လိင်စိတ်ခံယူမှု ကွဲပြားသူတွေအပေါ် ခွဲခြားဆက်ဆံတာဟာ ပုံစံအမျိုးမျိုးနဲ့ ရှိနေဆဲဖြစ်ပါတယ်။  ဒီနေ့ အချိန်အထိလည်း LGBT အသိုင်းအဝိုင်းဟာ လူမှုရေးအရ ခွဲခြားဆက်ဆံခံရ၊ အလုပ်အကိုင်ပိုင်းမှာ ခွဲခြား ဆက်ဆံခံရနေရဆဲဖြစ်တယ်လို့ သုတေသန အစီရင်ခံစာတွေမှာ ဖော်ပြနေပါတယ်။ LGBT လို့ဆိုလိုက်တာနဲ့ ဖျော်ဖြေရေးကဏ္ဍ၊ အလှပြင်ဆင်၊ လိင်လုပ်သား၊ နတ်ကတော် စတဲ့ အလုပ်တွေနဲ့ တွဲမြင်လေ့ရှိပါတယ်။ တခြား နယ်ပယ်တွေမှာ အလုပ်အကိုင်ရဖို့ ခက်ခဲသလို၊ ရှားရှားပါးပါး လုပ်ကိုင်ခွင့်ရကြတဲ့အခါမှာလည်း လုပ်ငန်းခွင်မှာ သိသိသာသာ၊ သို့မဟုတ် မသိမသာ ခွဲခြား ဆက်ဆံခံရတာတွေ ကြုံနေရဆဲပဲလို့ Myanmar Centre for Responsible Business အဖွဲ့က ၂၀၁၇ ခုနှစ် စက်တင်ဘာလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

LGBT အသိုင်းအဝိုင်းဟာ ငယ်စဉ်ကတည်းက ကျောင်းမှာ ခွဲခြားဆက်ဆံခံရတဲ့အတွက် ပညာပြီးဆုံးအောင် မသင်ရဘဲ ကျောင်းထွက်ရတာ၊ ပညာတစ်ပိုင်းတစ်စကြောင့် အလုပ်ကောင်းကောင်းရဖို့ ခက်ခဲတာ၊ တခြား သူတွေနဲ့ ပညာအရည်အချင်းတူပေမယ့် အပြင်ပန်း ဟန်ပန် အမူအရာ၊ ဝတ်စားဆင်ယင်မှုတို့ကြောင့် အလုပ်ကောင်း ရရှိဖို့ ခက်ခဲရ၊  ရာထူးကြီးကြီး နေရာရဖို့ ခက်ခဲတာ စတဲ့ အကန့်အသတ် မျိုးစုံရှိနေတယ်လို့ ဆိုပါတယ်။  

မနှစ် (၂၀၁၉) ခုနှစ်က အသက် ၂၆ နှစ်အရွယ် ကိုကျော်ဇင်ဝင်းဟာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့တာဟာလည်း လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံခံရ၊ ဖိနှိပ်ပြောဆိုခံတာနဲ့ ပတ်သက်နေနိုင်တယ်လို့ စာနာသူတွေက ယူဆနေကြပါတယ်။ ရန်ကုန်မြို့ရှိ တက္ကသိုလ်တစ်ခုရဲ့ စာကြည့်တိုက်မှူးဖြစ်ခဲ့တဲ့ ကိုကျော်ဇင်ဝင်းက သူ့လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံခံတာတွေ၊ ဖိနှိပ်ပြောဆိုခံရမှုတွေကို ကြုံနေရတဲ့အကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ ကျော်ဇင်ဝင်းရဲ့ အဖြစ်အပျက်ဟာ  ခွဲခြားဆက်ဆံခံရမှုကြောင့် အသက်သေဆုံးတဲ့အထိ ဖြစ်သွားရတဲ့ ဇာတ်လမ်းများစွာထဲက တစ်ခုသာ ဖြစ်ပါတယ်။

 LGBT တွေကို ခွဲခြားတဲ့ ဥပဒေ

မြန်မာနိုင်ငံရှိ LGBT အသိုင်းအဝိုင်းဟာ လူ့အဖွဲ့အစည်းထဲမှာ အရိုးစွဲနေတဲ့ လွဲမှားတဲ့ အယူအဆတွေ၊ အယူသည်းမှုတွေကြောင့် မသိမသာ၊ သိသိသာသာ၊ နည်းအမျိုးမျိုးနဲ့ အထင်လွဲခံရ၊ အထင်သေးခံရ၊ ချိုးနှိမ်ခံရသလို၊ သူတို့ကို အမြဲတမ်း ဒုက္ခပေးနေတဲ့ ခေတ်နောက်ကျနေတဲ့ ဥပဒေတွေကလည်း အခုထိ ဆက်ရှိနေပါတယ်။  

ဒီဥပဒေတွေထဲမှာ ထောင် ၃ လအထိ ချမှတ်နိုင်တဲ့ မှောင်ရိပ်ခိုမှုလို့ သိကြတဲ့ ရဲဥပဒေ (ပုဒ်မ ၃၅) လည်း ပါဝင်ပါတယ်။ LGBT အသိုင်းအဝိုင်းကို ဖမ်းဆီးရာမှာ မကြာခဏ အသုံးပြုတဲ့ ဒီဥပဒေမှာ “အာရုံတက်ချိန်၊ နေဝင်ချိန်တွင် မျက်နှာကို ကာထားပြီး သို့မဟုတ် ရုပ်ဖျက်ထားပြီး စိတ်ကျေနပ်စရာဖြေရှင်းချက် မပေးနိုင်သူ မည်သူကိုမဆို ရဲဝန်ထမ်းမှ ဝရမ်းမပါပဲ ထိန်းသိမ်းခွင့်ရှိပြီး ၃ လထိထောင်ဒဏ် ကျခံနိုင်သည်”လို့ ဖော်ပြထားပါတယ်။

ဥပဒေ ဖော်ပြချက်အရ လိင်ပြောင်းလဲထားသူကိုဖြစ်ဖြစ်၊ ဆန့်ကျင်ဘက်လိင်လို ဝတ်စားထားရတာကို နှစ်သက်သူကို ဖြစ်စေ၊ အယောင်ဆောင်သူ၊ ရုပ်ဖျက်သူအဖြစ် ရဲက ဖမ်းချင်ရင် ဖမ်းခွင့်ရှိနေပါတယ်။ နောက်ဥပဒေတစ်ခုက  ပုဒ်မ ၃၇၇ ဖြစ်ပါတယ်။ ဗြိတိသျှခေတ်က ရေးဆွဲခဲ့တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၇ မှာ ဖော်ပြထားတဲ့ “ဓမ္မတာနှင့် ဆန့်ကျင်သည့် ကာမစပ်ယှက်မှု” ဆိုတာဟာလည်း တခြား အမျိုးသား၊ အမျိုးသမီးတွေအတွက်လည်း အကျုံးဝင်ပေမယ့် လက်တွေ့မှာတော့ LGBT အသိုင်းအဝိုင်းအတွက် သီးသန့်ရေးဆွဲထားသလိုမျိုး ဖြစ်နေတယ်လို့  လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဆိုကြပါတယ်။

 အပြောင်းအလဲ လမ်းစ

 မြန်မာနိုင်ငံမှာ လိင်စိတ်တိမ်းညွတ်မှု ကွဲပြားသူတွေအတွက် အခက်အခဲများစွာ ရှိနေပေမယ့် ပြောင်းလဲမှုတချို့လည်း ဒီနှစ်ပိုင်းတွေအတွင်းမှာ တွေ့လာရပါတယ်။ ဥပမာ လိင်တူချင်း လက်ထပ်တာကို တည်ဆဲဥပဒေအရ ခွင့်ပြုမထားပေမယ့် ၂၀၁၈ ခုနှစ်က အမျိုးသမီးချင်းမင်္ဂလာပွဲ နှစ်ပွဲကို လအနည်းငယ် ခြားပြီး ကျင်းပခဲ့တာကို သတင်းမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။ ဒီနှစ်တွေအတွင်းမှာပဲ LGBT အသိုင်းအဝိုင်းနဲ့ပဲ ဆိုင်တဲ့ Proud လိုမျိုး အနုပညာ ပွဲတော်တွေ၊ LGBT တွေနဲ့ ပတ်သက်တဲ့ ပညာပေးမှုတွေ၊ အလှမယ် ပြိုင်ပွဲတွေ၊ ဝတ်စားဆင်ယင်မှုပြိုင်ပွဲတွေကိုလည်း အနှောင့်အယှက်မရှိဘဲ ကျင်းပလာနိုင်ပါတယ်။  

 ပြည်သူလူထုကြားမှာ အမြင်တွေ ပြောင်းလဲလာတာကိုလည်း တွေ့လာရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်က ကျင်းပခဲ့တဲ့ Miss Earth Myanmar 2019 အလှမယ်ပြိုင်ပွဲမှာ ဒိုင်အဖြစ် ပါဝင်ဖို့ လာရောက်ခဲ့တဲ့ ဖိလစ်ပိုင် ဂေး Sinon Loresca ဆိုရင် မြန်မာပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။ သူ့ရဲ့ မြင့်မြင့်မားမား ဒေါက်မြင့်ဖိနပ်စီးဟန်နဲ့ ဖော်ရွေတဲ့ အမူအရာ၊ ဆင်းရဲသားတွေကို ကူညီတတ်တဲ့ တစ်ကိုယ်တော် ပရဟိတ လုပ်ငန်းတွေကြောင့် ဆိုရှယ်မီဒီယာမှာ လူသိများလာသူဖြစ်ပါတယ်။

မြန်မာရုပ်ရှင်တွေမှာလည်း LGBT အသိုင်းအဝိုင်းကိုပုံဖော်ရာမှာ အပြုသဘောတိုးတက်မှုတွေရှိလာပါတယ်။ မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်လမ်းတွေမှာ LGBT အသိုင်းအဝိုင်းကို လှောင်ပြောင် ပြက်ရယ်ပြုတာတွေကို ရပ်တန့်ပေးဖို့ ရုပ်ရှင်လောကသား နာမည်ကျော် မိတ်ကပ်ပညာရှင်တွေအပါအဝင်၊ LGBT အခွင့်အရေး လှုပ်ရှားသူတွေ ၀ိုင်းဝန်း တောင်းဆိုမှုရဲ့ အသီးအပွင့်လို့ ဆိုရပါမယ်။ တချိန်တည်းမှာ LGBT တွေအပေါ် မလိုလား၊ မုန်းတီးတဲ့ အမြင်တွေလည်း နက်နက်ရှိုင်းရှိုင်း ရှိနေသေးတာကို တွေ့နေရပါတယ်။  

 ၂၀၂၀ ရွေးကောက်ပွဲနဲ့ LGBT

 ကိုဗစ် ၁၉ ကပ်ဘေးကြားမှာ ကျင်းပရမယ့် ရွေးကောက်ပွဲဟာ ပြိုင်ဆိုင်မှု ပြင်းထန်မယ့် သဘောကို ရွေးကောက်ပွဲ အကြိုကာလမှာ တွေ့နေရပါတယ်။ ပါတီတွေရဲ့ လှုပ်ရှားမှုတွေ အကန့်အသတ် ရှိနေတဲ့အချိန်မှာ အရပ်ဘက် အဖွဲ့အစည်းတွေက လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲအကြို ပညာပေး လုပ်ငန်းတွေမှာလည်း LGBT အဖွဲ့အစည်းတွေလည်း  တက်တက်ကြွကြွပါဝင်လာတာကို တွေ့ပါတယ်။ တဖက်မှာ LGBT အသိုင်းအဝိုင်းရဲ့ လိုအပ်ချက်တွေကိုလည်း မီဒီယာ ပလက်ဖောင်းပေါင်းစုံ၊ နည်းလမ်းပေါင်းစုံသုံးပြီး ဖော်ထုတ်ပြသလာကြပါတယ်။ တနည်းအားဖြင့်  LGBT အသိုင်းအဝိုင်းဟာလည်း ဒီနိုင်ငံရဲ့ အရေးကြီးတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ထဲထဲဝင်ဝင်၊ တာဝန်သိသိ ပါဝင်နေတယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။

မန္တလေးတိုင်း ဒေသကြီးကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးမျိုးမင်းထွန်းလိုပဲ ရွေးကောက်ပွဲဝင်ဖို့ အခွင့်အရေးနဲ့အချိန်ကောင်းကိုစောင့်နေသူတွေလည်း LGBT အသိုင်းအဝိုင်းမှာရှိနေနိုင်ပါတယ်။ LGBT အလှမယ်တစ်ယောက်ဖြစ်ခဲ့တဲ့ လူသိများတဲ့ တက်ကြွလှုပ်ရှားသူ ရှင်းသန့် ဟာဆိုရင်လည်း ၂၀၂၅ ကျရင် လွှတ်တော် အမတ်ဖြစ်ချင်တယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောထားသူ ဖြစ်ပါတယ်။

ရွေးကောက်ပွဲတွေမှာ မဲပြားတိုင်းဟာ အရေးကြီးပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့အခါ  ပိုတောင်အရေးကြီးပါတယ်။ မြန်မာပြည်မှာ ခေတ်အဆက်ဆက် အနှိမ်ခံဘ၀မှာ ခေါင်းငုံ့ခံခဲ့ရတဲ့  LGBT အသိုင်းအဝိုင်းဟာ အခုအခါမှာ ဘယ်တုန်းကနဲ့မှ မတူအောင် နိုင်ငံရေး နိုးကြားနေပါတယ်။ ဒါကြောင့်လည်း နိုင်ငံရေး သမားတွေက LGBT တွေရဲ့ အရေးကို အရင်လို မသိသလို၊ သေးသိမ်းသလို သဘောမထားတော့ဘဲ (ရွေးကောက်ပွဲကာလကြောင့်လည်း ဖြစ်နိုင်ပါတယ်) အနည်းဆုံး “နှုတ်၏စောင့်မခြင်း” တော့ ကတိကဝတ်ပြုလာကြပါတယ်။ မကြုံစဖူး စုစည်းမိနေတဲ့ LGBT တွေဟာ လာမယ့် ရွေးကောက်ပွဲကျရင် ပါတီတွေရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေးမယ့် မဲဆန္ဒရှင်တွေ မဖြစ်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

နေသွင်ညိဏ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013