DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူခရိုင်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ၁ ဦး ပယ်ဖျက်ခံရ
DVB
·
October 12, 2020
ကန့်ဘလူခရိုင်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ၁ ဦး ပယ်ဖျက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ မဲဆန္ဒနယ်မြေ အမှတ် ၄ ကနေ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ဖျက်လိုက်ပါတယ်။ 

ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားသူက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကနေ မကြာခင်က ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးက အနားယူ ထားသူဖြစ်ပြီး လက်ရှိမှာ ပင်စင်မကျသေးဘဲ ခံစားခွင့် ၄ လကျန်နေသေးတာကြောင့် ဝန်ထမ်း ဖြစ်နေသေးတဲ့အတွက် အခုလို ပယ်ဖျက်တာလို့ တိုင်းရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။

တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်မျိုးလွင်က “အမျိုးသား လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် ၄ မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းက ၄ ဦးရှိပါတယ်။ အဲဒီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် လောင်းက နိုင်ငံ့ဝန်ထမ်း အငြိမ်းစားယူဖို့အတွက် ကြိုတင်ပြင်ဆင်ခွင့် ကာလ ၄ လနဲ့ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ ကိုယ်စားလောင်းအဖြစ် အတည်ပြုကြေညာလိုက်တဲ့ ကာလဟာ အကျုံးသွားဝင်နေတာဖြစ်ပါတယ်။ သူ့ရဲ့ဝန်ကြီးဌာနကနေ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (ဋ) နိုင်ငံ့ဝန်ထမ်းဆိုတဲ့ ဥပဒေနဲ့ ငြိစွန်းခြင်းရှိ မရှိဆိုပြီး ပြည်ထောင်စု ကော်မရှင်ကို အကြောင်းကြားလာတဲ့အတွက်ကြောင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၃ အရ ပြန်လည်စိစစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်နဲ့ ငြိစွန်းတာဖြစ်တဲ့အတွက် အမည်စာရင်းပယ်ဖျက်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ပယ်ဖျက်တာက လာမယ့်ရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ အခုလို အမည်စာရင်း ပယ်ဖျက်တဲ့အပေါ်မှာတော့ တိုင်းကို အကြောင်းမကြားသေးဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက  “ကျနော်တို့က အသေအချာပြောလို့မရသေးဘူး။ ခရိုင်ကော်မရှင်က ခေါ်ပြောတဲ့ အဆင့်ပဲရှိ သေးတယ်။ UEC ကဆုံးဖြတ်ချက် မကျသေးဘူးထင်တယ်။ ကျနော်တို့ဆီကို ဘာမှ ရောက်မလာ သေးဘူး။ ခရိုင်ကနေမြို့နယ်ကိုပြောတယ်။ တိုင်းကို သတင်းမပို့ဘူး။ အဲလို ဖြစ်နေတယ်။ မြို့နယ်ပါတီရဲ့ ပြောကြားချက်အရတော့ ကျနော်တို့က အတည်ယူလိုမရဘူးဆိုတာက တိုင်းကို သတင်းမပို့ဘူး။ တိုင်းကို သတင်းပို့ရင်တော့ ကျနော်တို့က  ပြောလို့ရတာပေါ့။”လို့ ပြောပါတယ်။

အခုလို အမည်စာရင်းပယ်ဖျက်လိုက်တာကြောင့် မဲဆန္ဒနယ်အမှတ် ၄ မှာတော့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်အနေနဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့က ကိုယ်စားလှယ်လောင်း ၃ ဦးသာ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် ကန့်ဘလူမြို့နယ်မှာ ဆန္ဒမဲပေးခွင့်ရှိသူ ၂၂၀၀၀၀ ဝန်းကျင်ရှိပြီး မဲရုံပေါင်း ၂၀၃ ရုံဖွင့်လှစ်သွားမယ်လို့လည်း ကန့်ဘလူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ ချင်းတိုင်းရင်းသားမဲဆန္ဒနယ်၊ ရှမ်းတိုင်းရင်းသားမဲဆန္ဒနယ် အပါအဝင် မဲဆန္ဒနယ် ၁၂၅ နေရာရှိပြီး နိုင်ငံရေးပါတီ ၁၇ ခုနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့ကတော့ မဲဆန္ဒနယ်အားလုံးမှာ နေရာလပ်မကျန်ဝင်ပြိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ 

၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013