မြန်မာအိုင်ဒေါစတား ပိုးမီ သီဆိုသည့် ရုပ်ရှင်ဇာတ်ဝင်တေး - “တို့ကပိုလှတယ်”(ရုပ်သံ)
DVB
·
October 10, 2020

မနေ့ညက နောက်ဆုံးသီတင်းပတ်အဖြစ် ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့် ဖျော်ဖြေပွဲမှာတော့ မြန်မာအိုင်ဒေါစတား တေးသံရှင် ပိုးမီကလည်း ပါဝင်ဖျော်ဖြေသွားခဲ့ပါတယ်။
သူ သီဆိုဖျော်ဖြေခဲ့တဲ့ သီချင်းကတော့ “တို့ကပိုလှတယ်” သီချင်းဖြစ်ပြီး တေးရေး စန္ဒရားလှထွဋ်က ရေးစပ်ပေးထားခဲ့ပြီး တေးသံရှင် နွဲ့ယဉ်ဝင်းက မူရင်းသီဆိုထားခဲ့ကာ “ကျနော်နဲ့ကိုဘကျော်” ရုပ်ရှင်ကားထဲမှာ ဇာတ်ဝင်တေးတပုဒ်အဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
“ကျနော်နဲ့ ကိုဘကျော်” ရုပ်ရှင်ကိုတော့ ၁၉၇၅ ခုနှစ်က မန်းရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
ဒါရိုက်တာ ပန်းချီစိုးမိုးက ရိုက်ကူးပုံဖော်ခဲ့တဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ နာမည် ကျော် သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ကောလိပ်ဂျင်နေဝင်း၊ ကျော်ဆွေ၊ တင်တင်ညို၊ ဇော်ဝမ်း၊ စံရှားတင်တို့က ပါဝင်သရုပ်ဆောင်ထားကြပြီး ၁၉၇၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ဓာတ်ပုံထူးချွန်ဆုရရှိခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။
ခုတခါမှာတော့ ဒီရုပ်ရှင်ကားထဲက ဇာတ်ဝင်တေးကို မျိုးဆက်သစ်အဆိုတော် ပိုးမီရဲ့ သီဆိုမှုနဲ့အတူ ပရိသတ်တွေက တကျော့ပြန်ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပိုးမီဟာ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲ Season 2 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုရရှိခဲ့တဲ့ သားငယ်၊ ဘီလီလမင်းအေးတို့နဲ့အတူ Top 3 အဆင့်ထိ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။
ပြိုင်ပွဲပြီးဆုံးသွားခဲ့ချိန်မှာလည်း ပိုးမီကို အားပေးတဲ့ ပရိသတ်တွေ ရှိနေခဲ့ကြပြီး သူ့ရဲ့ ကိုယ်ပိုင်သီချင်းတပုဒ်ဖြစ်တဲ့ “အလိုက်တသိ” သီချင်းနဲ့ လူသိများလာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ပိုးမီက “နောက်ထပ်… တစ်ယောက်မရှိ” အမည်တဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။
သိပ်မကြာသေးခင်ကတော့ ပိုးမီရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို သီချင်းသစ်တပုဒ် ဖြစ်တဲ့ “ဒါပေမယ့်… ချစ်တယ်” လို့ အမည်ပေးထားတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိထားပါတယ်။
အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီသတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။
ခုတပတ်ရဲ့ ဖျော်ဖြေပွဲအမှတ်စဉ် ၁၀ မှာတော့ ဝါရင့်နာမည်ကြီး အဆိုတော်တွေဖြစ်ကြတဲ့ ဂျေမောင်မောင်၊ ချစ်ကောင်း၊ မေခလာ၊ အိုင်ရင်းဇင်မာမြင့်တို့နဲ့အတူ တခြားအနုပညာရှင်တွေ ဖြစ်ကြတဲ့ နေအောင်၊ ဖြိုးကြီး၊ ပိုပိုဟေသာ၊ Mဇော်ရိန်၊ ပိုးမီ၊ မိုးထက်မြင့်၊ မေ၊ ဝင်းပပသိန်းတန်တို့က ဖျော်ဖြေသွားခဲ့ကြပါတယ်။