DVB Logo
Home
မြန်မာသတင်း
အဆိုတော်ကြီး တင်တင်မြ သီဆိုသည့် “တကျော့နှစ်ကျော့တေးကိုသီ”ရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)
DVB
·
October 3, 2020
အဆိုတော်ကြီး တင်တင်မြ သီဆိုသည့် “တကျော့နှစ်ကျော့တေးကိုသီ”ရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)
Donate to DVB

“မောင်လေးရေ… ထပါတော့ ရောင်နီလာလှပေါ့… ညီမလေးရေ… ထပါတော့ ရောင်နီလာလှပေါ့… တကျော့နှစ်ကျော့တေးကိုသီ… ငှက်ကျားနှုတ်ပလီ”

ဒါကို ကြားလိုက်တာနဲ့ တချိန်က နာမည်ကြီးခဲ့တဲ့ ဝါရင့်အဆိုတော်ကြီး တင်တင်မြရဲ့ သီချင်းတပုဒ်မှန်း ပရိသတ်တွေက သိကြပြီး ဖြစ်မှာပါ။

ဒီသီချင်းကိုတော့ တေးရေး ဂီတလုလင်မောင်ကိုကိုက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး ခုတခါမှာတော့ ဒီသီချင်းကို မြန်မာရုပ်ရှင်ရာပြည့်ဖျော်ဖြေပွဲစင်မြင့်ထက်မှာ တင်တင်မြရဲ့ ကိုယ်တိုင်သီဆိုဟန်နဲ့ တကျော့ပြန်ရှုစားနားဆင်ခဲ့ကြရတာပါ။

“တကျော့နှစ်ကျော့တေးကိုသီ” ရုပ်ရှင်ကိုတော့ စန္ဒာရုပ်ရှင်ထုတ်လုပ်ရေးက ၁၉၇၁ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး ထွန်းညွန့်ဦး အမည်နဲ့ မင်းသားကြီး ဝင်းဦးက ဒါရိုက်တာအနေနဲ့ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ 

“တကျော့နှစ်ကျော့တေးကိုသီ” ရုပ်ရှင်ကားထဲမှာတော့ ဝင်းဦးနဲ့အတူ တင်တင်မြ၊ ချိုပြုံး၊ ခင်လေးဆွေ၊ ဒေါ်ခင်ရီ၊ ဒေါ်မေနွဲ့တို့က ပါဝင်သရုပ်ဆောင်ခဲ့ပြီး ချိုပြုံးရယ်လို့ ပရိသတ်တွေ အထူးနှစ်ခြိုက်လက်ခံအားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပါတယ်။

ရုပ်ရှင်ထဲကားအနေနဲ့လည်း အောင်မြင်ခဲ့သလို ဒီကားထဲမှာ ဇာတ်ဝင်တေးတွေကလည်း အခုအချိန်ထိတိုင်အောင် ပရိသတ်တွေကြား ရေပန်းစားနေဆဲ သီချင်းတွေ ဖြစ်နေဆဲ ဖြစ်ပါတယ်။

အသက် ၈၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော်ကြီး တင်တင်မြဟာ ရေဒီယို၊ ဓာတ်ပြား၊ ရုပ်ရှင်ပဏာမတေး၊ ဇာတ်ဝင်တေး၊ တေးသရုပ်ဖော် ဇာတ်လမ်း သီချင်းတွေနဲ့ စီးရီးခွေ အများအပြား သီဆိုခဲ့ပြီး လက်ရှိအချိန်ထိတိုင်အောင် အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

တင်တင်မြရဲ့ ထင်ရှားတဲ့ မဟာဂီတ သီချင်းတွေထဲမှာတော့ ပန်းမြိုင်လယ် အပါအဝင် ထူးမခြားနား၊ ပန်းဟေဝန်၊ လျှပ်ပန်းခွေနွဲ့၊ မြမြမောင်းမောင်း စတဲ့ ဓာတ်ပြား သီချင်းတွေအထိ သီဆိုခဲ့ပြီး ကာလပေါ်သီချင်းတွေထဲမှာလည်း ပေဖူးလွှာ၊ စခန်းအောင်မြေ၊ မြပုဏ္ဏမာ၊ သည်းဖိုးရွှေလီမြစ်နဒီ၊ ယောဆရာ၊ မင်္ဂလာမောင်မယ်၊ ချစ်တာပဓာန၊ ပင်တိုင်စံ၊ တောင်တန်းပြာနဲ့ကျောပိုးအိတ်၊ တိမ်လွှာမို့မို့လွင်၊ ပုဂံမြို့ဟောင်းတစ်နေရာ၊ မဟာဗုဒ္ဓဝင် သီချင်းတွေကလည်း လူသိများ ထင်ရှားတဲ့ သီချင်းတွေ ဖြစ်ပါတယ်။

ခုတခါမှာလည်း သူ့ရဲ့ ထူးခြားတဲ့ သီဆိုဟန်နဲ့အတူ “တကျော့နှစ်ကျော့တေးကို သီ” ရုပ်ရှင်ဇာတ်ဝင်တေးသီဆိုဟန်ကို ပြန်လည်ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“မောင်လေးရေ… ထပါတော့ ရောင်နီလာလှပေါ့… ညီမလေးရေ… ထပါတော့ ရောင်နီလာလှပေါ့… တကျော့နှစ်ကျော့တေးကိုသီ… ငှက်ကျားနှုတ်ပလီ… တီတာခွန်း သွဲ့ လဲ့လဲ့သံစဉ်ညီ… မုန်းလျှင်အပြစ် ချစ်လျှင်အကျိုး… မြတ်နိုးတော့သဒ္ဒါ … အိပ်မက်သံ သရာမှ နိုးထစေချင်သည်… ဖြိုးဖြရွှေရင် ဘဝင်စိမ့်စိမ့် သိမ့်သိမ့်ညီ… ကျမတို့ငယ်ငယ် မိရယ်ဖရယ် ဘဝရယ်စုံစုံညီ… ချစ်သဒ္ဒါလောင်း သြော် မေတ္တာအပေါင်း… ချစ်ကြောင်း ကုန်စင်သည်… ချစ်ကြောင်းကုန်စင်သည်… တစ်မိတစ်ဝမ်း ချမ်းမြလျှမ်းပ… ဘယ်သူ့မှ မမျှေ၀ ရလေလိုလေဖြစ်ခဲ့မိပါသည်”

အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီသတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။

ခုတပတ်ရဲ့ ဖျော်ဖြေပွဲအမှတ်စဉ် ၉ မှာတော့ ဝါရင့်အဆိုတော်ကြီးတွေဖြစ်ကြတဲ့ တင်တင်မြ၊ တက္ကသိုလ်လဲ့လဲ့တို့နဲ့အတူ သန်းမြတ်စိုး၊ ကေတုဝင်းထွဋ်၊ ရွှေရည်သိန်းတန်၊ ဖိုးသောကြာ၊ ရွှေယမင်းဦး၊ သဲနုဝါတို့နဲ့ တခြား မြန်မာသံ အဆိုတော်တွေက စန္ဒရားဇေယျာမင်း မြန်မာမှုတေးဂီတအဖွဲ့နဲ့ ဖျော်ဖြေသွားခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013