DVB Logo
Home
မြန်မာသတင်း
Stay at Home မြို့နယ်များရှိ အသက် ၆၀ ကျော်မဲဆန္ဒရှင်များအတွက် ကြိုတင်မဲပေးနိုင်ရန် စီစဉ်နေ  
DVB
·
October 9, 2020
Stay at Home မြို့နယ်များရှိ အသက် ၆၀ ကျော်မဲဆန္ဒရှင်များအတွက် ကြိုတင်မဲပေးနိုင်ရန် စီစဉ်နေ  
Donate to DVB

မြန်မာနိုင်ငံတဝန်း Stay at Home  အမိန့်ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာ အသက် ၆၀ ကျော်အရွယ် မဲဆန္ဒရှင်တွေ  ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးလို့ရအောင် စီစဉ်နေတယ်လို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အောက်တိုဘာ ၉ ရက်ဒီနေ့ည ၈ နာရီက  နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ လက်ရှိ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို  ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်က “ဒီနောက်ဆုံး စဉ်းစားထားတာကတော့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဒါကို လုပ်ဖို့ သဘောတူပါတယ်။ Stay at Home မြို့နယ်တွေမှာ ဆိုရင် ၆၀ ကျော်တွေ အားလုံးဟာ ကြိုတင်မဲပေးနိုင်မှာ ဖြစ်တာကြောင့်မို့လို့ ရွေးကောက်ပွဲနေ့မှာလည်း အခြေအနေပိုပြီး ကောင်းသွားမယ်။ ကျန်းမာရေးအရလည်း ကျမတို့ အနေနဲ့ ၆၀ ကျော်တွေအတွက် ပိုပြီးတော့ စိတ်ချရမှာ ဖြစ်ပါတယ်။ ကျမလည်း  ကြိုတင်မဲပေးလို့ရတာပေါ့” လို့ ပြောပါတယ်။

ခုလိုဆောင်ရွက်ခြင်းအားဖြင့် ပြည်သူတွေအတွက်လည်း စိတ်လည်းလုံခြုံမှုရမယ်၊ ကျေနပ်မှုလည်းရမယ်လို့ထင်တဲ့အကြောင်းနဲ့ ကောင်းကျိုးနှစ်ခုရှိတဲ့အကြောင်းလည်း ပြောပါတယ်။ 

“တစ်ခုကတော့ အသက် ၆၀ ကျော်တွေဆိုတာဟာ အသက်ကြီးလာတာနဲ့ အမျှ အသက် ၆၀ ကျော်လာတာနဲ့ အမျှ ကိုဗစ် ရောဂါ ရရင် ပိုပြီးတော့ စိုးရိမ်ရမယ့် အခြေအနေမှာရှိပါတယ်။ ဒီလို စိုးရိမ်ရတဲ့ အသက်အရွယ်တွေ လုံခြုံအောင်လို့ ဆိုပြီး ကြိုတင်မဲပေးနိုင်ဖို့ ကျမတို့ အစီအစဉ်တွေ စပြီးတော့လုပ်ပါမယ်။ နောက်တခုက ဘာလဲဆိုရင် ဒီလို အသက် ၆၀ ကျော်တွေက ကြိုတင်မဲပေးမယ်ဆိုရင် ရွေးကောက်ပွဲနေ့မှာ မဲရုံတွေမှာ သွားပြီးတော့ မဲပေးမယ့်လူတွေရဲ့ အရေအတွက်ကကျသွားပါမယ်။ အဲလို အရေအတွက်ကျဆင်းသွားတယ်ဆိုတဲ့ အခါကျတော့ လိုအပ်တဲ့ ကွာခြားမှု ၆ ပေ ၆ ပေ ကွာပြီးတော့ လုပ်တာတို့ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့မှု နည်းအောင်လုပ်တာတို့ ကျမတို့ စည်းကမ်းတွေ အကောင်အထည်ဖော်တာတို့ လုပ်နိုင်တဲ့အခါကျတော့ပိုပြီး ကျမတို့ အားလုံး လုံခြုံမှာ ဖြစ်ပါတယ်။ ပြည်သူတွေ လုံခြုံဖို့ လိုအပ်တဲ့ Mask တို့ Face Shield တို့ ဒါတွေလည်း နိုင်ငံတော်က တာဝန်ယူ လုပ်ပေးပါမယ်။”  

Stay at Home မြို့နယ်တွေအပြင် လူဦးရေများတဲ့ မြို့နယ်တွေကိုပါ အသက် ၆၀ ကျော်တွေ ကြိုတင်မဲပေးနိုင်ဖို့ အစီအစဉ်လုပ်ဖို့ ညှိနှိုင်းနေပြီး  ဆုံးဖြတ်ပြီးပါက ပြည်သူတွေကို အသိပေးသွားမယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ရခို်ငပြည်နယ်တစ်ခုလုံးနဲ့ ရန်ကုန်တိုင်းက ကိုကိုးကျွန်းကလွဲပြီး ကျန်မြို့နယ်အားလုံးမှာ   Stay at Home အစီအစဉ် အမိန့်ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် မြို့နယ် ၁၁ မြို့နယ်ဖြစ်တဲ့  မွန်ပြည်နယ် မော်လမြိုင်မြို့နယ်နဲ့ ဘီလင်းမြို့နယ်၊ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နဲ့  အမရပူရမြို့နယ်၊ ပဲခူးတိုင်း ပဲခူးမြို့နယ်၊ ကဝမြို့နယ်နဲ့ သနပ်ပင်မြို့နယ်၊ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ မအူပင်မြို့နယ်နဲ့  ဖျာပုံမြို့နယ် တို့မှာလည်း   Stay at Home  အမိန့်ထုတ်ပြန်ထားပါတယ်

နိုင်ငံတကာရှိ မြန်မာသံရုံးတွေမှာ ကြိုတင်မဲပေးမှု အခြေအနေနဲ့ ပတ်သက်ပြီးလည်း ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ နဲ့လျှောက်ထားတဲ့ မြန်မာနိုင်ငံသားပေါင်း ၁၀၉၄၇၀ ဦး ရှိပြီး အဲဒီအထဲက ဒီကနေ့အောက်တိုဘာ ၉ ရက်အထိ သက်ဆိုင်ရာ သံရုံးတွေမှာ  မဲပေးပြီးသူပေါင်း ၂၇၉၁၇ ဦးရှိတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ 

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လက်ရှိသုံးနေတဲ့ Remdesivir ဆေးတွေကို  အိန္ဒိယနိုင်ငံက ဝယ်ထားသလို  လှူဒါန်းလို့ ရရှိထားတာလည်း ရှိတဲ့အကြောင်းနဲ့ ဒီဆေးတွေနဲ့  ပြည်တွင်းက ရောဂါပြင်းထန်ခံစားနေရတဲ့  ကိုဗစ်-၁၉ လူနာတွေအတွက် အသုံးပြုနေတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013