
ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ စစ်အာဏာရှင်တပ်နဲ့ ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ တွေဟာ ဇွန် ၂၅ ရက်အထိ တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေ အလွန်အကျွံ အသုံးပြုတိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရ ပါတယ်။
ယောဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “မင်းတပ်အရှေ့ခြမ်းကို ကျောက်ထု ဘက်က တက်လာတဲ့ စကစ စစ်ကြောင်းတွေနဲ့က နေ့တိုင်းလောက်နီးပါး တိုက်ပွဲတွေ ဖြစ်နေကြ တယ်။ မင်းတပ်နဲ့ ကျောက်ထုကြားက ဂေါက်ကွင်းနေရာ ဝန်းကျင်မှာ ဖြစ်နေကြတာ။ စစ်တပ်ဘက် က အတော်လေး အထိနာလို့ လေကြောင်းပစ်ကူတွေနဲ့ ဗုံးကြဲတာလည်း နေ့တိုင်းပဲ။ ဒဏ်ရာရတဲ့သူ တွေကိုတော့ ကျောက်ထုဘက်က အမတ ၃၆၈ ထဲ ပြန်ပို့တယ်။ ထောက်ပို့ရဟတ်ယာဉ်နဲ့ Y8 ထောက်ပို့လေယာဉ်တွေကလည်း အမတ ၃၆၈ ထဲကို အင်အားတွေထပ်ပို့တာနဲ့ ခဲယမ်းတွေ၊ ရိက္ခာတွေကို ဆက်တိုက် ဖြည့်တင်းနေတယ်" လို့ ပြောပါတယ်။
မြေပြင်စစ်ကြောင်းတွေ အထိနာနေတဲ့ စစ်တပ်ဟာ ဇွန် ၂၅ ရက် တရက်တည်းမှာတင် တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ မင်းတပ်မြို့ပေါ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ မင်းတပ်မြို့နယ် အရှေ့ခြမ်းက နေရာတွေကို ဗုံးအလုံး ၆၀ နီးပါး ကြဲချခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒေသခံတယောက်က "မိုးတွေ အရမ်းရွာနေတဲ့ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲကျော်လောက်ကဆိုရင် တိုက်ပွဲဖြစ်နေတာမရှိတဲ့ မင်းတပ်မြို့ပေါ်ကို တံတားဦးလေတပ်က တက်လာကြတဲ့ ဂျက်ဖိုက်တာ ၂ စီးက တကြိမ်ကို ဗုံး ၂ လုံးတွဲ၊ ၄ ကြိမ်ကို ဗုံး ၈ လုံး ကြဲသွားတယ်။ မင်းတပ်မြို့ကို ပြန်ပြီး တည်ဆောက်တဲ့အခါ ခက်ခဲအောင်လို့ တမင် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာလို့ မြင်တယ်။ ညနေ ၆ နာရီမထိုးခင်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတဲ့ မင်းတပ်အရှေ့ခြမ်းကို တံတားဦးလေတပ်က တက်လာကြတဲ့ ဂျက်ဖိုက်တာ ၂ စင်းကပဲ ဗုံး ၂ လုံးတွဲ ၂ ကြိမ်နဲ့ ဗုံး ၄ လုံး ကြဲပြီးတော့၊ ညနေ ၆ နာရီခွဲလောက်ကျတော့လည်း အဲဒီနေရာတွေဘက်ကိုပဲ တံတားဦးလေတပ်က တက်လာတဲ့ Y12 ဗုံးကြဲလေယာဉ်နဲ့ ဗုံးအလုံး ၅၀ ကျော်ကို တနာရီနီးပါးကြာအောင် ပတ်ကြဲသွားပြန်တယ်" လို့ DVB ကို ပြောပါတယ်။
ဗုံးကြဲခံရမှုကြောင့် မင်းတပ်မြို့က လူနေအိမ်တွေနဲ့ အစိုးရအဆောက်အအုံတချို့ ပျက်စီးသွားပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကတော့ ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ မသိရ သေးပါဘူး။
စစ်အာဏာရှင်တပ်က သူတို့ လက်လွတ်ဆုံးရှုံးထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ မြေပြင်စစ်သည်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို၊ လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတဲ့ကြားက ချင်းပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေဘက်က လည်း ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတာ ၂ လနီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ၂ လနီးပါးအတွင်း မင်းတပ်မြို့နယ်ထဲကို စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေ ၅၀၀ နီးပါး ပြုလုပ်ခဲ့သလို၊ အဆိုပါ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ အစိုးရရုံးအဆောက်အအုံတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ် ကျူးလွန်ခဲ့တယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေတဲ့ လေကြောင်းအန္တရာယ်သတင်းတွေနဲ့ မြေပြင်စည်းကမ်းချက်တွေကို အလေးထား လိုက်နာပေးကြဖို့လည်း ချင်းမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေဘက် တိုက်တွန်းထား ပါတယ်။










