DVB Logo
Home
မြန်မာသတင်း
ဧရာဝတီဖောင်ဒေးရှင်းက Mask စက်ရုံတည်ဆောက်ပြီး အခုရေ ၅ သန်း အခမဲ့ ဖြန့်ဝေမည်(ရုပ်သံ)
DVB
·
October 6, 2020
ဧရာဝတီဖောင်ဒေးရှင်းက Mask စက်ရုံတည်ဆောက်ပြီး အခုရေ ၅ သန်း အခမဲ့ ဖြန့်ဝေမည်(ရုပ်သံ)
Donate to DVB

ဧရာဝတီဖောင်ဒေးရှင်းက လတ်တလော ကိုဗစ်-၁၉ ရောဂါကပ်ဘေးကာလမှာ အများ ပြည်သူတွေအတွက် လိုအပ်ချက်မြင့်မားနေတဲ့ နှာခေါင်းစည်း Mask စက်ရုံတရုံကို တည် ဆောက်လည်ပတ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖောင်ဒေးရှင်းဥက္ကဋ္ဌ  ဦးဇော်ဇော်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ခုလိုရေးသားပြီး အသိပေးထားခဲ့တာ ဖြစ်ပါတယ်။

       “Covid-19 ကပ်ရောဂါ အခြေအနေဆိုးကို ကာကွယ်ဖို့နဲ့ လက်ရှိ ကမ္ဘာ့လေထုညစ် ညမ်းမှုကလည်း တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာတဲ့အတွက် Mask ထုတ်လုပ်စက်ကို လွန်ခဲ့တဲ့ ၆ လကတည်းက မှာယူထားခဲ့တာ ဖြစ်ပါတယ်။ စက်ရောက်ရှိလာပြီး တပတ်အတွင်းမှာပဲ ပြည်ပက ပညာရှင်တွေဦးစီးပြီး တပ်ဆင်လည်ပတ်နိုင်ခဲ့ပြီဖြစ်ပါတယ်”

စက်ရုံရဲ့ ထုတ်လုပ်နိုင်မှုအနေနဲ့ တနာရီကို နှာခေါင်းစည်း Mask အခုရေ ၅,၀၀၀ နှုန်းနဲ့ တရက်ကို Mask အခုရေ ၅၀၀၀၀ ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ စက်ရုံကထွက်ရှိလာတဲ့ နှာခေါင်းစည်း Mask တွေကို  လို အပ်ချက်ရှိသူတွေနဲ့ ဝင်ငွေနည်းပါးတဲ့ အများပြည်သူတွေအတွက် စုစုပေါင်း Mask အခု ရေ ၅ သန်းအထိ အခမဲ့ဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီဖောင်ဒေးရှင်းအနေနဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလမှာ ရန်ကုန်တိုင်းအတွင်း ပိုးတွေ့လူနာတွေများလာတဲ့အတွက် တဖက်တလမ်းက ကူညီတဲ့အနေနဲ့ သုဝဏ္ဏ မြက်ခင်းတုကွင်းမှာ ကိုဗစ်ယာယီကုသရေးဌာနကို တည်ဆောက်ပေးခဲ့ပြီး  လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ၊ ဆေးဝါးတွေအပါအဝင် ကုသမှုခံယူမယ့် လူနာတွေနဲ့ ကုသရေးတာဝန်ရှိသူတွေရဲ့ နေထိုင်စားသောက်ရေးစတာတွေကို ဖောင်ဒေးရှင်းက ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ)ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ရွက်ဖျင်တဲတွေနဲ့ ကုသဆောင် ၄ ဆောင်၊ အထူးကြပ်မတ်ကုသခန်း (ICU) ၄ ခန်းနဲ့ စတင်ခဲ့ပြီး အခုလက်ရှိမှာ လူနာ ၅၇၀ အထိ လက်ခံကုသနိုင်ပြီ ဖြစ်ပါ တယ်။

ကိုဗစ်-၁၉ ကုသရေးဌာန (သုဝဏ္ဏ) မှာ ဆရာဝန် ၁၆ ဦး၊ သူနာပြု ၂၂ ဦး၊ မြန်မာ နိုင်ငံကြက် ခြေနီအသင်းဝင် ၃၀ နဲ့ စေတနာ့ဝန်ထမ်း ၁၀၀ ကျော်နဲ့ ကုသရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်က တကျော့ပြန်ကူးစက်မှုတွေ ရှိလာခဲ့အပြီးမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်နေပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၅ ရက်နေ့ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၈,၇၈၁  ယောက် ၊ သေဆုံးသူ ၄၄၄  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၅၄၈ ယောက် ရှိနေပြီး အာဆီယံနိုင်ငံ တွေထဲမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

Credit- U Zaw Zaw Facebook

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013