Home
မြန်မာသတင်း
ဘားအံမြို့၌ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စစ်ဆေး
DVB
·
October 5, 2020
ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်စေဖို့နဲ့ ကုန်စည်ပို့ဆောင်ရာမှာ အခက်အခဲမရှိစေဖို့ ကုန်စည်ပို့ဆောင်နေတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို Antigen (RDT) Test နဲ့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးခဲ့ပါတယ်။ အောက်တိုဘာ ၄ ရက်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၇၇ ဦးကို စစ်ဆေးခဲ့ရာ ရောဂါပိုး မ​​တွေ့ရှိခဲ့တဲ့အတွက် ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံစာတွေ ထုတ်ပေးခဲ့တာပါ။ ကုန်စည်စီးဆင်းမှုမြန်ဆန်ပြီး ပြတ်တောက်မှုမရှိစေဖို့ အစိုးရအဖွဲ့ ညွှန်ကြားချက်နဲ့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိကို မိနစ်ပိုင်းအတွင်း သိရှိနိုင်တဲ့ Antigen(RDT)Test စစ်ဆေးပေးခဲ့တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။ ကရင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်စွာမြင့်က “ရောဂါကာကွယ်ရေး အနေနဲ့ စစ်ဖို့က ပုံမှန်စစ်တဲ့စနစ်တွေက အရမ်းကြာတယ်။ အခုက အဲဒီ Test ရလာတဲ့ အခါကျတော့ အစိုးရအဖွဲ့က ညွှန်ကြားတဲ့အတိုင်း ကားဆရာတွေကို စစ်ပေးပါဆိုတော့ စစ်ပေးတာ” လို့ ဆိုပါတယ်။ ကိုဗစ်ကာလ ကုန်စည်ပို့ဆောင်တဲ့လမ်းခရီးတွေမှာ ကျန်းမာရေးစစ်ဆေးတာတွေ ခံယူနေရ တဲ့အတွက် ကြန့်ကြာမှုတွေရှိနေလို့ အခုလို ကျန်းမာ​ရေးစစ်ဆေးပေးတာဟာ ကုန်စည်ပို့ဆောင်တဲ့နေရာမှာ ပိုမိုအဆင်ပြေစေတယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။ ဘားအံမြို့နယ် မော်တော်ယာဉ်စည်းကမ်းထိန်သိမ်း‌ရေးကော်မတီ၊ ဥက္ကဋ္ဌ ဦးသိန်းနိုင်က “ကုန်စည်ပို့ဆောင်နေတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုင်းတွေအတွက် ဒီလူတွေအားလုံး ကျန်းမာကြောင်း ထောက်ခံချက်လိုချင်ကြတယ်။ အခုလို စစ်ပြီးသွားရင် ရှောရှောရှူရှူ  သွားလို့ရမယ်” လို့ ပြောပါတယ်။ ကျန်းမာရေး ထောက်ခံချက်မရှိတဲ့အတွက် ကုန်စည်ပို့ဆောင်ရာမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရသလို ကျန်းမာရေးထောက်ခံစာရရှိခဲ့ရင် ကုန်စည်ပို့ဆောင်ရေးနဲ့ မိသားစုစားဝတ်နေရေး အတွက်ပါ အဆင်ပြေစေမယ်လို့ ကုန်တင်ယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။ ဘားအံမြို့၊ ကုန်တင်ယာဉ်မောင်း ဦးအောင်ဟိန်းပိုင်က “ကားသမားတွေမှာ အခက်အခဲ ဖြစ်တယ်။ ဒီလိုမျိုး ကျန်းမာရေး‌ ထောက်ခံစာရမယ်ဆိုရင် သွားလာရတာ အဆင်ပြေတဲ့အပြင် မိသားစုစားဝတ်နေရေးအတွက်လည်း အကုန်လုံးအဆင်ပြေမယ်”လို့ ဆိုပါတယ်။ ဘားအံမြို့ အဝေးပြေးကားဝန်းအတွင်း ဘားအံ -ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့တွေကို ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်း ၁၀ လိုင်းရှိပြီး ကုန်တင်ယာဉ်ကြီး ၅၀ ခန့် ရှိပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့ကစတင်ပြီး ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါဖြစ်ပွားမှု များပြား လာတဲ့အတွက် ခရီးသယ်တင် မော်တော်ယာဉ်တွေအနေနဲ့ ခရီးသွားလာမှုတွေ ယာယီရပ်နား ထားရပေမယ့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေဖို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ ကိုတော့ ပုံမှန်လုပ်ဆောင်နေပါတယ်။ သတင်း - ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024