DVB Logo
Home
နိုင်ငံတကာ
အမေဇုန်တောထဲ၌ ဒေါ်လာဘီလီယံချီတန်ဖိုးရှိ ရွှေများကို တရားမဝင် ဆက်လက်ခိုးတူးနေ
DVB
·
May 30, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဘရာဇီးသမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါ ဆေးလ်ဗားက တရားမဝင်ရွှေတူးဖော်မှုကို နှိမ်နင်းဖို့ ကြိုးပမ်းနေပေမဲ့လည်း အမေဇုန် မိုးသစ်တောထဲကနေ ဒေါ်လာဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေတွေကို တရားမဝင် ဆက်ပြီး တူးဖော်နေကြတုန်းပဲလို့ အကျိုးအမြတ်မယူတဲ့ စောင့်ကြည့်ရေးအဖွဲ့တခု ဖြစ်တဲ့ Greenpeace က ပြောပါတယ်။

နှစ်ပေါင်းများစွာ ကျယ်ပြန့်လာခဲ့တဲ့ တိုင်းရင်းသားနယ်မြေတွေနဲ့ ဘေးမဲ့တောတွေထဲမှာ လက်ယာစွန်း သမ္မတဟောင်း ဂျိုင်ရ် ဘော်လ်ဆိုနာရို အားပေးအားမြှောက်လုပ်ခဲ့တဲ့ တရားမဝင် ရွှေတူးဖော်မှုကို အမြစ်ပြတ် ချေမှုန်းမယ်လို့ လူလာက ၂၀၂၃ ခုနှစ်မှာ ရာထူးတက်လာတုန်းက ကတိပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘရာဇီး ဖက်ဒရယ်ရဲတပ်ဖွဲ့ဟာ တရားမဝင် တူးဖော်ထားတဲ့ ရွှေ ၄၄၇ ကီလိုဂရမ်အထိ စံချိန်တင် ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာ ပထဝီနိုင်ငံရေး မတည်ငြိမ်မှုတွေ ပြင်းထန်နေတဲ့ကြားက ရွှေစျေးနှုန်းတွေ စံချိန်တင် မြင့်တက်လာတဲ့အခါမှာတော့ တရားမဝင် တူးဖော်သူတွေက နည်းလမ်းအသစ် ပြောင်းသုံး လာကြတယ်လို့ Greenpeace က ဆိုပါတယ်။

မှောင်ခိုရွှေတူးသမားတွေဟာ ရွှေလုံးဝမတူးတဲ့ နယ်မြေတွေက “နာမည်ခံ လိုင်စင်” (Ghost permits) တွေကို သုံးပြီး တားမြစ်ထားတဲ့ တိုင်းရင်းသားနယ်မြေတွေနဲ့ ဘေးမဲ့တောတွေကနေ ခိုးတူးလာတဲ့ ရွှေတွေကို တရားဝင်ရွှေဖြစ်အောင် မူလဇာစ်မြစ် လိမ်ညာခဲ့ကြတာပါ။

Greenpeace က လိုင်စင်ရနယ်မြေ ၁၈၇ ခုကို စစ်ဆေးရာမှာ ၉၈ ခုက ရွှေတူးဖော်ထားတဲ့ အရိပ်အယောင်တောင် မရှိတဲ့ အမည်ခံနယ်မြေတွေ ဖြစ်နေပါတယ်။

ဒါပေမဲ့ အမည်ခံလိုင်စင်တွေကို သုံးပြီး ၂၀၁၈ ကနေ ၂၀၂၆ မတ်လအတွင်း ဒေါ်လာ ၃ ဒသမ ၈၈ ဘီလီယံ တန်ဖိုးရှိတဲ့ ရွှေတွေကို တရားဝင်အဖြစ် လိမ်လည်ရောင်းချခဲ့ကြပါတယ်။

အဲဒီ ghost permits ပြထားတဲ့ ရွှေတွေအားလုံး ဘယ်ကနေ ထွက်လာသလဲဆိုတာ ရှင်းရှင်း လင်းလင်း မသိရသေးပေမဲ့လည်း ပါရာပြည်နယ်ထဲက ကာယာပို နယ်မြေလိုမျိုး ဘေးမဲ့တောတွေနဲ့ တိုင်းရင်းသားနယ်မြေတွေထဲကနေ အများစုကို တူးဖော်ခဲ့ကြတာလို့ သုတေသီတွေနဲ့ စုံစမ်း စစ်ဆေးသူတွေက ယူဆထားကြပါတယ်။

ကာယာပို မျိုးနွယ်စုခေါင်းဆောင် မီဂါရွန် ရှူကာရာမေးက “တိုင်းရင်းသားနယ်မြေတွေပေါ်က တရားမဝင် ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး မြစ်ရေညစ်ညမ်းမှုဒဏ်ကြောင့် ဌာနေတိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ နေထိုင်စားသောက်မှုတွေ အဆိပ်သင့်နေရတာတွေကို ဖြေရှင်းပေးဖို့ အစိုးရဘက်က အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်နေတာအပေါ် စိတ်ပျက်မိတယ်”လို့ ပြောပါတယ်။

ဘရာဇီး သတ္တုတွင်းအေဂျင်စီ (ANM) ကတော့ ဒါကို စောင့်ကြည့်စစ်ဆေးနေပေမဲ့ အမေဇုန်ဒေသ ဟာ ကြီးမား ကျယ်ပြန့်လွန်းလို့ ကွပ်ကဲရခက်ခဲနေတယ်လို့ ဆင်ခြေပေးထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013