DVB Logo
Home
မြန်မာသတင်း
သမိုင်းပညာရှင် ဒေါက်တာစိုင်းအောင်ထွန်း ကွယ်လွန်
DVB
·
September 25, 2020
သမိုင်းပညာရှင် ဒေါက်တာစိုင်းအောင်ထွန်း ကွယ်လွန်
Donate to DVB

ငြိမ်းချမ်းရေးသံတမန်ဆုရ မြန်မာသမိုင်းနဲ့ ရှမ်းသမိုင်းပညာရှင် ဒေါက်တာ စိုင်းအောင်ထွန်း ဟာ ဒီကနေ့ စက်တင်ဘာ ၂၅ ရက် မနက်စောစောက ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။ 

ဒေါက်တာစိုင်းအောင်ထွန်းဟာ ကွယ်လွန်ချိန်မှာ အသက် ၉၀ ရှိပြီဖြစ်ပေမယ့် ရောဂါအ ထွေအထူးမရှိဘဲ ရန်ကုန်မြို့ နေအိမ်မှာ ပုံမှန်သွားလာနေထိုင်စားသောက်နေရင်း မနေ့ ၈ နာရီ ကျော်လောက်ကတော့ ရုတ်တရက်အော့အန်ပြီး  သွေးပါပါလာလို့ ရန်ကုန်ဆေးရုံကြီး အရေး ပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ပြီး ဒီမနက် ၅ နာရီခွဲမှာ ဆုံးပါးသွားတယ်လို့ သားဖြစ်သူ စိုင်းဆိုင်ဝမ်းက ဒီဗွီဘီကို ပြောပါတယ်။ 

“အဖေက မနေ့ညနေထိ ကောင်းကောင်းမွန်မွန်ပါပဲ။ ပုံမှန်စားသောက်နိုင်တယ်။ သွားလာနိုင်တယ် ၊ မနေ့ည ၈ နာရီကျော် ၉ နာရီလောက်ကမှ ရုတ်တရက်အော့အန်ပြီး သွေး ပါပါလာလို့  သမားတော်သွားပင့်လာပါတယ်။၊ ဆရာဝန်က အစာအိမ်သွေးကြောပေါက်တယ်လို့ ပြောပါတယ်။  ဆေးတစ်ချောင်းထိုးပေးတယ်။ မနက် ၃ နာရီလောက်မှာ တခါပြန်အန်လာတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးရုံခေါ်သွားတယ်။ ဒီအချိန်ကိုဗစ်-၁၉ ကဖြစ်နေကြတော့ ဘယ်ဆေး ရုံမှလက်မခံဘဲ နောက်ဆုံးသူ့တပည့်တယောက်အကူအညီနဲ့ ရန်ကုန်ဆေးရုံကြီးကို ခေါ်သွား ပါတယ်ခင်ဗျ။ ရန်ကုန်ဆေးရုံကြီးက အရေးပေါ်အိုင်စီယူခန်းထဲမှာ အောက်စီဂျင်တွေပေးပြီး အစွမ်းကုန်ကုသပေးပေမယ့် ကနေ့မနက် ၅ နာရီခွဲလောက်မှာ ဆုံးပါးသွားပါတယ်ခင်ဗျာ။”

ဆရာကြီးရဲ့ ဈာပနအခမ်းအနားကို ဘယ်လိုစီစဉ်မလဲဆိုတာ မိသားစုက တိုင်ပင်နေဆဲ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလ အသွားအလာကန့်သတ်ထားတာတွေလည်း ရှိနေတော့ ဘယ်လိုပုံစံ  ဆောင်ရွက်ရမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ သားဖြစ်သူက ပြောပါတယ်။ 

ဆရာကြီးစိုင်းအောင်ထွန်းဟာ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင် သီပေါမြို့ကဖြစ်ပြီး ၁၉၃၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

၁၉၅၂ ခုနှစ်မှာ သီပေါကနေ ဆယ်တန်းအောင်ပြီး ရန်ကုန်တက္ကသိုလ်ဆက်တက်ကာ ၁၉၅၇ ခုနှစ်မှာ သမိုင်းအထူးပြုနဲ့ ဝိဇ္ဇာ (ဂုဏ်ထူး)ဘွဲ့ရရှိခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်တက္ကသိုလ်သမိုင်းဌာနမှာ နည်းပြတာဝန်ထမ်းဆောင်စဉ် ပညာတော်သင်စေလွှတ်ခံရပြီး ၁၉၆၀ပြည့်နှစ်မှာ အမေရိကန်နိုင်ငံ University of Denver က နေ နိုင်ငံတကာဆက်ဆံရေးဘာသာရပ် (IR) နဲ့ မဟာဝိဇ္ဇာ(M.A)ဘွဲ့ ရရှိခဲ့ပါတယ်။

အဲဒီနောက် ကချင်ပြည်နယ် မြစ်ကြီးနားကောလိပ်ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း  နိုင်ငံခြားဘာသာသိပ္ပံကျောင်း (ယခုUFL)မှာ ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။

၁၉၈၅ ခုနှစ်မှာ နိုင်ငံတော်ကောင်စီဝင်အဖြစ်ခန့်အပ်ခြင်းခံရပြီး ၁၉၉၆ မှ ၂၀၀၈ ခု နှစ်အထိမြန်မာသမိုင်းအဖွဲ့မှာ ဒုတိယဥက္ကဋ္ဌ (၂)အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဆရာကြီးဟာ နိုင်ငံ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပေမယ့် တဘက်မှာလည်း မိခင် ရှမ်းစာပေတိုးတက်ထွန်းကားရေးလုပ်ငန်းတွေလည်း တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါတယ်။  တက္ကသိုလ်ကျောင်းသားဘဝကတည်းက ရှမ်းစာပေသင်တန်းကို ကျောင်းသားအချင်းချင်းကြား သင်ကြားခဲ့သလို ကျေးရွာလူထုတွေဆီ ကွင်းဆင်းပြီး နွေရာသီရှမ်းစာသင်တန်းတွေလည်း ဦးဆောင်ဖွင့်လှစ်ခဲ့ပါတယ်။

ရှမ်းမဂ္ဂဇင်းဂျာနယ်တွေမှာ ဆောင်းပါးတွေရေးသားခဲ့ပြီး ခက်ခဲနက်နဲလှတဲ့ ရှေးဟောင်း ရှမ်းပုရပိုဒ်ဖတ်နည်းကိုလည်း လေ့လာသင်ယူ သုတေသနပြုခဲ့သူဖြစ်ပါတယ်။ ပြည်တွင်းပြည်ပက ဖိတ်ကြားတဲ့ သုတေသနစာတမ်းဖတ်ပွဲတွေ ၊ ဆွေးနွေးပွဲတွေမှာ မြန်မာ့သမိုင်း ရှမ်းသမိုင်းနဲ့ ပတ်သက်တဲ့အကြောင်းတွေ ဟောပြောခဲ့ပါတယ်။ 

 ဆရာကြီးဟာ ရှမ်းသမိုင်းနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှဒေသကို  ရှမ်းလူမျိုးတွေ ပျံ့နှံ့လာပုံနဲ့ ရှမ်းသမိုင်းအကြောင်းတွေကို မြန်မာလိုရေးသားခဲ့သလို အင်္ဂလိပ်ဘာသာနဲ့လည်း ဆောင်းပါးနဲ့ စာအုပ်တွေထုတ်ဝေခဲ့တာမှာ  ချင်းမိုင်အခြေစိုက် Silkworm Books Publishingက ထုတ်ဝေခဲ့တဲ့ "History of The Shan State”စာအုပ်က လူသိများပါတယ်။  

ဆရာကြီးဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က အိန္ဒိယအခြေစိုက် The World Peace Movement Trust  အဖွဲ့ကြီးက ချီးမြှင့်ပေးခဲ့တဲ့ Ambassador of Peace  ငြိမ်းချမ်းရေးသံတမန်ဆုကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။ 

ဆရာကြီး ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး တပည့်တစ်ဦးဖြစ်သူ MLC ချင်းမိုင်ရွှေ့ပြောင်း လုပ်သားပညာသင်ကျောင်း ကျောင်းအုပ်ကြီးဆရာဆိုင်လိန်ခမ်းက လွန်စွာနှမျောတသ ဝမ်းနည်းရကြောင်း၊ ဆရာကြီးမရှိတော့ပေမယ့် သူရေးသားခဲ့တဲ့ အဖိုးတန်စာပေတွေ ရှာဖွေဖတ်ရှုပြီး ဆုံးမသွန်သင်တဲ့အတိုင်းလိုက်နာကြဖို့  တိုက်တွန်းသွားပါတယ်။ 

ဆရာကြီးကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ အငြိမ်းစားအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းနွံနဲ့ သားသမီးမြေးမြစ်တွေ ကျန်ရစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013