
ရန်ကုန်မှာ ဓာတ်တိုင်တွေပေါ် တပ်ဆင်ထားတဲ့ မီတာကို နေအိမ်မှာ ပြောင်းရွှေ့ရင် တပ်ဆင်ခပေးစရာ မလိုဘူးလို့ ကြေညာထားပေမဲ့ တအိမ်ကို ကျပ် ၂၀,၀၀၀ ပေးနေရတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။
စစ်အာဏာရှင်အစိုးရက ဓာတ်အားပျောက်ဆုံးတာနဲ့ မီတာခ အငြင်းပွားနေရတာတွေ လျော့နည်းအောင်ဆိုပြီး အရင် ဓာတ်တိုင်မှာ တပ်ဆင်ထားတဲ့ မီတာတွေကို နေအိမ်ဥပစာမှာ ရွှေ့ပြောင်းတပ်ပေးတဲ့ အစီအစဥ် လုပ်နေတာ ဖြစ်ပါတယ်။
မီတာ ရွှေ့ပြောင်းတပ်ဆင်ရင် မီတာပုံးအခွံ၊ Breaker နဲ့ ဆက်စပ်လိုအပ်တဲ့ ပစ္စည်းတွေကို မီးသုံးစွဲသူက ကျခံရမှာဖြစ်ပြီး မီးဆက်ခနဲ့ တခြားငွေကြေး ကောက်မှာမဟုတ်ဘူးလို့ ကြေညာထားပေမဲ့ လက်တွေ့မှာ တပ်ဆင်ခပါ ပေးသွင်းနေကြရတာလို့ ဆိုပါတယ်။
မင်္ဂလာဒုံမြို့နယ်မှာနေတဲ့ မီးသုံးစွဲသူတယောက်က “မီတာပုံးခက ကျပ် ၅၀,၀၀၀ ပေးရတယ်။ တပ်ဆင်ခဆိုပြီး ၂၀,၀၀၀ ထပ်တောင်းတယ်။ မပေးရင် မတပ်ပေးဘူး ပြောတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ဓာတ်တိုင်တွေမှာ တပ်ဆင်ထားတဲ့ အိမ်သုံးမီတာ၊ ပါဝါမီတာတွေကို အလွယ်တကူ ဖတ်ရှုနိုင်မဲ့ အိမ်ရှေ့ဥပစာ ရေ၊ မိုး ကင်းလွတ်တဲ့နေရာရဲ့ အမြင့် ၆ ပေလောက်မှာ ပြောင်းရွှေ့တပ်ဆင်နေတာ ဖြစ်ပါတယ်။
အဲဒီလို မီတာပုံး ပြောင်းရွှေ့လိုက်တဲ့အတွက် မီးသုံးစွဲသူကိုယ်တိုင် သုံးစွဲယူနစ်ကြည့်နိုင်တာ၊ ဓာတ်အားပျောက်ဆုံးမှုနဲ့ အငြင်းပွားမှုတွေကို လျှော့ချနိုင်မှာဖြစ်သလို လက်ရှိ စမ်းသပ် ဆောင်ရွက်နေတဲ့ မီးသုံးစွဲသူကိုယ်တိုင် မီတာဖတ်ပြီး ရုံးချုပ်က ကွန်ပျူတာစနစ်ဆီ ပေးပို့နိုင်တဲ့ အားသာချက်တွေ ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
မီတာပြောင်းရွှေ့တပ်ဆင်လိုတဲ့သူတွေ အနေနဲ့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှာ အဆိုပြု စာရင်းပေးသွင်းရမှာဖြစ်ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက စာရင်းမှတ်တမ်းထည့်သွင်းကာ Register စာရင်းအတိုင်း လုပ်ပေးသွားမယ်လို့ အသိပေး ကြေညာထားပါတယ်။











