DVB Logo
Home
မြန်မာသတင်း
ပုသိမ် အထည်ချုပ်စက်ရုံကပြန်လာသည့် ငပုတောမြို့နေ အလုပ်သမား ၅၃ ဦးကို Quarantine စင်တာပို့
DVB
·
September 19, 2020
ပုသိမ် အထည်ချုပ်စက်ရုံကပြန်လာသည့် ငပုတောမြို့နေ အလုပ်သမား ၅၃ ဦးကို Quarantine စင်တာပို့
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်၊ မြန်မာနစ်တင်းအထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ ငပုတောမြို့နယ်က အလုပ်သမား ၅၃ ဦးအား Quarantine စင်တာတွေကို ပို့လိုက်တယ်လို့ သိရပါတယ်။

မြန်မာနစ်တင်းအထည်ချုပ်စက်ရုံက အလုပ်သမား ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါ သံသယရှိတာကြောင့် စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်းက အလုပ်ဆင်းချိန် ငပုတောမြို့ဝင်ဂိတ်မှာ အုပ်ချုပ်ရေးမှူးအပါအဝင် မြို့နယ်ကိုဗစ်ကော်မတီနဲ့ ကျန်းမာရေး တာဝန်ရှိသူတွေက တားဆီးပြီး Quarantine စင်တာ ၃ ခုကို ပို့ဆောင်ခဲ့တာလို့ ငပုတော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက DVB ကို ပြောပါတယ်။

“ဒေသခံပြည်သူက သူတို့ကို ပြန်လက်မခံချင်တော့ဘူး။ အဲ့ဒါကြောင့် ကျနော်ကိုယ်တိုင် မြို့ဝင်ဂိတ်မှာစောင့်ပြီး တခြားကော်မတီတွေ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး စောင့်ကြည့် စင်တာ ၃ ခုကို လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ အဲ့နေရာတွေအားလုံးက ရေရောမီးရော အဆင့်သင့်ရှိတဲ့ နေရာတွေကို ပို့ပေးခဲ့တာပါ။”

အလုပ်သမား ၅၃ ဦးကို နေထိုင်ရေးနဲ့ အစားအသောက်အတွက် တာဝန်ယူပေးမှာဖြစ်ပြီး  ကျန်းမာရေးစောင့်ရှောက်မှု နေ့စဉ်ပြုလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။ 

မြန်မာနစ်တင်းအထည်ချုပ်စက်ရုံက သံသယလူနာကို စက်တင်ဘာ ၁၈ ရက်နေ့ကစပြီး အသွားအလာကန့်သတ်စောင့်ကြည့်ထားပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ ကျန်းမာရေး စစ်ဆေးထားတယ်လို့ စက်ရုံမန်နေဂျာ ဦးသက်နိုင်က DVB ကို ပြောပါတယ်။

“သူ့ရဲ့ အစ်မမှာ ရောဂါပိုးတွေ့တာ၊ ဒါပေမဲ့ အတူမနေတာကြာပြီ။ ထိတွေ့မှုတွေ ရှိမှာစိုးလို့ အသွားအလာကန့်သတ်ပြီး ရောဂါပိုးစစ်ဆေးတာတွေ ပြုလုပ်ထားပါတယ်။ ပြီးတော့ ခု အသွားအလာ ကန့်သတ်ခံထားရတဲ့သူတွေနဲ့ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးထားတဲ့သူ အလုပ်လုပ်တဲ့ နေရာခြင်းတော့ သက်ဆိုင်မှုမရှိပါဘူး။”

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စက်တင်ဘာ ၁၈ ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၈ ဦး ရှိတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013