
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ရှိ စာသင်ကျောင်းကို မေ ၁၃ ရက် မနက်ပိုင်းမှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ဆောင် ၂ ဆောင် ထိမှန် ပျက်စီးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိတ်လေတပ်စခန်းက တက်လာတဲ့ စစ်တပ်ရဲ့ FTC 2000G တိုက်လေယာဉ်တစီးဟာ ဒီနေ့မနက် ၉ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ အဆိုပါစာသင်ကျောင်းကို ဗုံးတလုံး ကြဲချတိုက်ခိုက်တဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတာပါ။
စာသင်ကျောင်းတာဝန်ခံတယောက်က “အခုလိုမျိုး စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်ပြီး ဖျက်ဆီးတာဟာ ကလေးတွေရဲ့ အနာဂတ်ကိုပါ ဖျက်ဆီးနေတာဖြစ်တယ်” လို့ ပြောပါတယ်။
ကျောင်းပိတ်ရက်ကာလ ဖြစ်တာကြောင့် လူထိခိုက်ဒဏ်ရာရမှု မရှိဘဲ ကျောင်းဆောင် ၂ ဆောင် ပြင်းထန်စွာ ပျက်စီးသွားပြီး ကျောင်းသား၊ ကျောင်းသူတွေ ပြန်လည်ပညာသင်ကြားနိုင်ဖို့ လုံးဝ အဆင်မပြေတော့တဲ့ အခြေအနေ ဖြစ်နေပြီးလို့ သိရပါတယ်။
ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောကြားချက်အရ တကူတိုက်နယ်ဟာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေဖြစ်ပြီး ဒီနေ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားချိန် မြေပြင် မှာ တိုက်ပွဲဖြစ်တာမျိုး မရှိဘူးလို့ သိရပါတယ်။










