အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ ၈ နှစ်၊ ၉ နှစ်လောက်ကြာရင် ရာထူးကဆင်းမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်မှာ မေ ၄ ရက်က ကျင်းပခဲ့တဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အခမ်းအနားမှာ နောက်ပြောင် ပြောလိုက်ပါတယ်။
အခွန်ဆောင်ရာမှာ အဆောက်အအုံသစ်၊ ကိရိယာပစ္စည်းနဲ့ ပထမနှစ် မတည်ရင်းနှီးငွေတွေရဲ့ ကုန်ကျစရိတ် ၁၀၀ ရာခိုင်နှုန်းကို သက်သာခွင့်ပေးမဲ့ အစီအစဉ်အကြောင်း ပြောဆိုရာမှာ အခုလို ထည့်သွင်းပြောခဲ့တာပါ။
“ဒီလိုဆိုရင်၊ ကျုပ် ရာထူးကနားတဲ့အခါကျရင်၊ ဆိုပါစို့၊ အခုကနေ နောင် ရှစ်နှစ် ကိုးနှစ်ဆိုရင်၊ ကျုပ်လည်း အဲဒီခံစားခွင့်ကို သုံးလို့ရမယ်လေ”လို့ အခွန်လျှော့ပေးတာနဲ့ ချိတ်ဆက်ပြီး ထရမ့်ပ်က ပြောခဲ့တာပါ။
ဒီမှတ်ချက်ဟာ တမင်နောက်ပြောင်တာ ဖြစ်နိုင်သလို၊ သမ္မတတယောက်ကို ၂ ကြိမ်ထက်ပိုပြီး ရွေးကောက်တင်မြှောက်ခွင့်မပြုတဲ့ ဥပဒေကို ပြင်ဆင်ဖို့ လိုလားကြမလား ဆိုတာ သွေးတိုးစမ်းကြည့်တာ ဖြစ်နိုင်တယ်လို့လည်း ယူဆမှုတွေ ရှိနေပါတယ်။
ဇွန် ၁၄ ရက်မှာ အသက် ၈၀ ပြည့်တော့မဲ့ ထရမ့်ပ်ဟာ သူ့ရဲ့ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအကြောင်းကိုလည်း အဲဒီပွဲမှာ ဆက်လက် ပြောဆိုခဲ့ပါတယ်။
‘သမ္မတနဲ့ ဒုတိယသမ္မတလောင်းတိုင်းဟာ မှတ်ဉာဏ်စွမ်းရည် စစ်ဆေးမှုခံယူသင့်တယ်လို့ သူက ဆိုပါတယ်။
သူကိုယ်တိုင် အဲဒီစစ်ဆေးမှုကို ၃ ကြိမ်တိတိ အပြည့်အဝ အောင်မြင်ခဲ့ပေမဲ့ ဂျိုးဘိုင်ဒင်သာဆိုရင် ပထမဆုံးမေးခွန်းကိုတောင် ဖြေနိုင်မှာ မဟုတ်ဘူးလို့ လှောင်ပြောင်ခဲ့ပါတယ်။
Source: Reuters










