
လွတ်လပ်ရေးရပြီးနှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ သူရ မချစ်ပို ပြီးရင် သူရဘွဲ့ရရှိတဲ့ အိမ်ထောင်သည် ရဲမေ ၂ ယောက်ကို ဒီကနေ့မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဖက်ဆစ်တော်လှန်ရေးနေ့လို့ ခေါ်တဲ့ ၈၁ နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားမှာ စစ်ကောင်စီက စစ်တပ်အတွက် အလုပ်အကျွေးပြုခဲ့သူ သူရဘွဲ့ ၃ ယောက်၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၇ ယောက်နဲ့ ရဲဗလ ၃၂ ယောက်ကို ဂုဏ်ထူးဆောင်တံဆိပ်တွေ ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
သူရဘွဲ့ ရရှိသူ ၃ ယောက်မှာ ဗိုလ်မှူးဇော်မျိုးနိုင်၊ အိမ်ထောင်သည် ရဲမေ ၂ ယောက်ဖြစ်တဲ့ ဒေါ်စန်းမော်အေးနဲ့ ဒေါ်စနေမတို့ဖြစ်ပြီး သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ၇ ယောက်မှာ ဗိုလ်မှူးအောင်နိုင်မိုးလှိုင်၊ ဗိုလ်မှူးရဲဇော်ထွန်း၊ ဗိုလ်မှူးရှားလူ၊ ဗိုလ်ကြီးမင်းကြည်ဟိန်း၊ ဗိုလ်သက်ပိုင်မြင့်၊ ဗိုလ်ပြည့်စုံအောင် နဲ့ ဒုတပ်ကြပ်သူရိန်အောင်တို့ ဖြစ်ပါတယ်။
သူရဘွဲ့မှာ အောင်ဆန်းသူရိယဘွဲ့နဲ့ သီဟသူရဘွဲ့ပြီးလျှင် စစ်တပ်မှာ အမြင့်မားဆုံး ဆုတံဆိပ် ဖြစ်ပြီး တိုက်ပွဲအတွင်း မိမိရဲ့ အသက်ကို ပဓာနမထားပဲ စစ်တပ်အကျိုးအတွက် ရွပ်ရွပ်ချွံချွံ စွန့်လွှတ်စွန့်စား တိုက်ခိုက်တဲ့ စစ်သည်တွေကို ပေးတာလို့ စစ်မှုထမ်းဟောင်းတယောက်က DVB ကို ပြောပါတယ်။
“လွတ်လပ်ရေးရပြီး ၁၉၄၉ ခုနှစ်က သူရဘွဲ့ ရတဲ့ မချစ်ပိုပြီးရင် နှစ်ပေါင်း ၇၆ အတွင်းမှာ ဒုတိယ အကြိမ် ထပ်ရတာရတဲ့။ အမျိုးသမီး ၂ ယောက်ကလည်း မှီခိုတွေ။ စစ်တပ်အခေါ်အဝေါ်ဆို အိမ်ထောင်သည် ရဲမေတွေပေါ့။ ဗိုလ်မှူးချုပ်အဆင့်တွေတောင် စခန်းက စွန့်ခွာထွက်ပြေးနေချိန် သူရဘွဲ့ရတယ်ဆိုတော့ အတော်သတ္တိကောင်းတဲ့ အမျိုးသမီးတွေ။”
ဒီကနေ့ စစ်ကောင်စီကပေးတဲ့ ရဲဗလဘွဲ့ရရှိသူ ၃၂ ယောက်ထဲမှာလည်း တပ်မိသားစုဝင်ထဲက ၅ ယောက်ပါပြီး ကျန် ၂၇ ယောက်မှာ ပြည်သူစစ်နဲ့ အရပ်ဘက်ဌာနဆိုင်ရာဝန်ထမ်းတွေ ဖြစ်ပါတယ်။
အမျိုးသမီးထဲမှာ သူရဘွဲ့ကို ၁၉၄၉ ခုနှစ်က BE တပ်မှ တပ်ကြပ်လှမောင်ရဲ့ ဇနီးဖြစ်သူ အသက် ၄၂ နှစ်အရွယ် မချစ်ပိုက ပထမဦးဆုံးအကြိမ်ရရှိခဲ့တာဖြစ်ပါတယ်။










