
တောင်အာဖရိကနိုင်ငံ၊ ဒါဘန်မြို့မှာ ဇွန် ၃၀ ရက် နောက်ဆုံးထားပြီး တရားမဝင် နိုင်ငံခြားသားတွေကို ထွက်ခွာခိုင်းရာကနေ နိုင်ငံခြားသား ဆန့်ကျင်ရေး တင်းမာမှုတွေနဲ့ အကြမ်းဖက်မှုတွေ ပြင်းထန်နေပြီး ဆန္ဒပြပွဲတွေနဲ့ တရားဥပဒေပြင်ပ အကြမ်းဖက်မှုတွေကြောင့် အနည်းဆုံး လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။
နိုင်ငံခြားသား ဆန့်ကျင်ရေး လှုပ်ရှားသူတွေက တရားမဝင် နေထိုင်သူတွေလို့ စွပ်စွဲပြီး အာဖရိကတိုက်သား အများစုဖြစ်တဲ့ နိုင်ငံခြားသားတွေကို တိုက်ခိုက် နှင်ထုတ်နေကြတာပါ။ ဒီအခြေအနေကြောင့် မာလာဝီနဲ့ ဂါနာနိုင်ငံသား အများအပြားကို နေရပ်ပြန်လည် ပို့ဆောင်နေရပြီး အာဖရိကတိုက်တွင်း သံတမန်ရေးရာ တင်းမာမှုတွေပါ ဖြစ်ပေါ်နေပါတယ်။
တချို့မှာ တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းလည်း အပြည့်အစုံရှိပြီး အခြေချနေထိုင်တာ ကြာပြီဖြစ်ပေမဲ့အတင်းအကျပ် မောင်းထုတ်ခံရတာကြောင့် မိသားစုတွေ ကွဲကွာကုန်ကြပါတယ်။
ဒါဘန်မြို့လယ်ကောင်မှာ နိုင်ငံခြားသားတွေကို လိုက်လံရှာဖွေ စစ်ဆေးနေသလို အကြမ်းဖက်မှုကြောင့် ထွက်ပြေးရသူ အများအပြားဟာ နေထိုင်ခွင့် အတည်ပြုချက်ရဖို့ အစိုးရရုံးတွေ အပြင်ဘက်မှာ စခန်းချနေကြရပါတယ်။ တချို့ကတော့ မြို့ပြကနေ ထွက်ပြေးပြီး တောတောင်တွေထဲမှာ ခိုလှုံနေကြပါတယ်။
ဂါနာနိုင်ငံသား ပထမဆုံးအဖွဲ့ကိုတော့ မေ ၂၇ ရက်ကတည်းက အက်ကရာမြို့ကို ပြန်လည် ပို့ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။
တရားမဝင် နိုင်ငံခြားသားတွေကို နိုင်ငံထဲက ထွက်ခွာဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက် ဇွန် ၃၀ ရက်နဲ့ ပတ်သက်ပြီး ဘေးကင်းလုံခြုံရေးနဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်ခြေအပေါ် စိုးရိမ်မှုတွေ ရှိနေတာကြောင့် ကွာဇူလူ-နာတဲလ် ပြည်နယ်ထဲမှာ ရဲအင်အားကို တိုးမြှင့်ချထားပါတယ်။
ကွာဇူလူ-နာတဲလ် ပြည်နယ်ဝန်ကြီးချုပ် သာမီ အမ်တူလီ ကတော့ ဘယ်လို ဆူပူအုံကြွမှုမျိုးကိုမဆို ရင်ဆိုင်ဖို့ ရဲအင်အား တိုးမြှင့်ချထားပြီးဖြစ်ကြောင်းနဲ့ ချီတက်ဆန္ဒပြသူတွေရော၊ နိုင်ငံခြားသားတွေနဲ့ ဒေသခံတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကိုပါ ကာကွယ်ပေးသွားမှာဖြစ်လို့ အခြေအနေအပေါ် စိတ်ချရကြောင်း ပြောကြားထားပါတယ်။
Source: Reuters











