
မကွေးတိုင်းဒေသကြီး စကုမြို့မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင်ဘုရားတွေမှာ တွယ်ကပ်နေတဲ့ ချုံနွယ်တွေကို မရှင်းလင်းပါက ပျက်စီးဆုံးရှုံးမှု များပြားနိုင်တယ်လို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။
အဲဒီဒေသမှာ လွန်ခဲ့တဲ့ ၁၃ ရာစုကနေ ၁၇ ရာစုထိ ရှေးဟောင်းသမိုင်းဝင်ဘုရား ၁၆၈ ဆူရှိပြီးတော့ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်ကနေ ကိုလိုနီခေတ်အထိ လက်ရာများစွာပါဝင်ကာ ချုံနွယ်ပိတ်ပေါင်းတွေ ထူထပ်နေတာပါ။
တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နေရတဲ့ ရဲတပ်ဖွဲ့ဟာ ဝန်ထမ်းအင်အားမလုံလောက်တဲ့ ကြားထဲကနေ အခုလို လာရောက်ရှင်းလင်းပေးတဲ့အတွက် အင်မတန်ကုသိုလ်ရတယ်လို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဒီဗွီဘီကို ပြောပါတယ်။
"ရှေးဟောင်းအမွေအနှစ်ဘုရားတွေကို အများပြည်သူ ကြည်ညိုဖွယ်ဖြစ်အောင် ပိတ်ဆို့နေတဲ့ ချုံနွယ်ပိတ်ပေါင်းတွေကို ရဲတပ်ဖွဲ့လုပ်အားနဲ့ ကုသိုလ်ဖြစ် တတိယအကြိမ်မြောက် လာရောက် ရှင်းလင်းပေးတာဖြစ်ပြီးတော့ ရှေးဟောင်းဘုရားအားလုံးကို အပတ်စဉ် စနေ နေ့တိုင်း သန့်ရှင်းရေး ပြုလုပ်ပေးမှာပါ"
စကုမြို့ဟာ မန်းရွှေစက်တော်ဘုရား၊ ကျောင်းတော်ရာဘုရားသို့ သွားရောက်တဲ့လမ်းဘေးမှာ ရှိတာကြောင့် သမိုင်းအမွေအနှစ်ဘုရားတွေကို ချုံနွယ်တွေ ရှင်းလင်းပေးလိုက်တဲ့အတွက် ပြည်တွင်းပြည်ပဘုရားဖူး ခရီးသွားတွေလာရောက်လည်ပတ်ပြီး ဒေသဖွံဖြိုးလာနိုင်တယ်လို့ မကွေးတိုင်းဒေသကြီး ဒုတိုင်းရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးတင်ရွှေက ပြောပါတယ်။
အဲဒီလို ရှင်းလင်းတဲ့နေရာကို ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်နဲ့ လာရောက်ရှင်းလင်းပေးတာဖြစ်ပြီးတော့ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ပေးတာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
သတင်း - မင်းထီး











