DVB Logo
Home
မြန်မာသတင်း
အဆိုတော်ဝေလ ပုံစံတမျိုးနှင့် ခံစားသီဆိုထားသည့် “ရင်ခွင်နန်းတော်” ရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)
DVB
·
September 5, 2020
အဆိုတော်ဝေလ ပုံစံတမျိုးနှင့် ခံစားသီဆိုထားသည့် “ရင်ခွင်နန်းတော်” ရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)
Donate to DVB

“တို့ဘဝတွေ ကမ္ဘာခြားအောင်ဝေးပါစေ… ရင်ခွင်ထဲမှာ ရှင်သန်နေဦးမယ်… တိုးတိတ်ညင်သာလွန်းတယ်… ခန္ဒာကိုယ်ဖြစ်တည်သရွေ့လေ… နှလုံးသားထဲမှာ အမြဲစီးဆင်းနေမယ့်… အကြင်နာမြစ်တစ်စင်းလေ”

ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီး ရုပ်ရှင်ဇာတ်ဝင်တေးတပုဒ်ဖြစ်တဲ့ “ရင်ခွင်နန်းတော်”သီချင်းထဲက တေးသွားစာသားတွေမှန်း ရင်းနှီးကြပြီး ဖြစ်မှာပါ။

၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရင်ခွင်နန်းတော်ရုပ်ရှင်ကိုတော့ ဒါရိုက်တာ မလိခစိုးထိုက်အောင်က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသား ဒွေး၊ ထွန်းအိန္ဒြာဗိုနဲ့ နန္ဒာလှိုင်တို့က ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

သုံးပွင့်ဆိုင် အချစ်ဒရာမာ ဇာတ်လမ်းဇာတ်ကွက် အားပြိုင်မှုတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်သီချင်းကိုတော့ တေးရေး ညီညီသွင်က ရေးစပ်ပေးထားခဲ့ပြီး မီမီဝင်းဖေ၊ ဘိုဘိုစတဲ့ တေးသံရှင်တွေက သီဆိုခဲ့ကြတာဖြစ်ပါတယ်။

“တမိုးအောက်မှာ… တယောက်ထဲပါချစ်သူရေ… နေရာပေးကာ ဝန်ခံချင်လည်း လေ… စကားလုံးတွေ ပျောက်ဆုံးနေ… နာကျင်စွာညည်းညူရင်းနဲ့… နှုတ်ခမ်းများ သွေ့ ခြောက်ရင်း… တို့ရဲ့သီချင်း သံစဉ်မပီဘူးလေ… ဆန္ဒတွေ ကိုယ်စီထိန်းသိမ်းလို့နေရင်း… မှားယွင်းစွာအိပ်မက်ဆိုးများ… ဖန်ဆင်းခဲ့တယ်… ဒဏ်ရာလေးတွေ အပြန်အလှန် ပေး ရင်းနဲ့… ရင်ခုန်ခြင်းကို စိန်ခေါ်ရိုက်ချိုးခဲ့ကြတယ်လေ… ရင်ခွင်နန်းတော်… သွေ့ခြောက် နေတဲ့ ရင်ခွင်နန်းတော်… မလှပနိုင်တဲ့ ရင်ခွင်နန်းတော်… မာနနဲ့ ဆောက်လုပ်သော ရင်ခွင်နန်းတော်… အဆိပ်သင့်နေတဲ့ ရင်ခွင်နန်းတော်… အချစ်မဲ့နေတဲ့ ရင်ခွင်နန်းတော် … တို့နှစ်ဦးရဲ့ မနက်ဖြန်များ… အသက်မဲ့ခဲ့ရပြီ”

ခုတခါမှာတော့ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ရင်ခွင်နန်းတော် ဇာတ်ဝင်တေးကို ပရိသတ်အချစ်တော် တေးသံရှင် ဝေလရဲ့ ခံစားသီဆိုမှုနဲ့ ပြန်လည်ရင်ခုန်ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တေးသံရှင် ဝေလဟာ လတ်တလော ပရိသတ်တွေကြား ချစ်ခင်အားပေးမှု ရရှိထားသူဖြစ်ကာ သူ့သီချင်းတွေမှာလည်း အဓိပ္ပာယ်ပြည့်ဝတဲ့ အမိုက်စား သံစဉ်မယ်လိုဒီတွေနဲ့အတူ သီဆိုလေ့ရှိသူ တယောက် ဖြစ်ပါတယ်။

သူ့ရဲ့ ပထမဆုံးတကိုယ်တော် တေးအယ်လ်ဘမ် “၁၉၈၂” ကို ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့ပေမယ့် ပရိသတ်တွေကြား အောင်မြင်မှုမရရှိခဲ့ပါဘူး။

ဒါပေမဲ့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိလာတဲ့ ဝေလရဲ့ ဒုတိယမြောက် တေးအယ်လ်ဘမ်- “မိတ်ကပ်မကြိုက်သော သီချင်းများ” ကတော့ အားလုံးကို ဆန်းသစ်တဲ့ ပုံစံတမျိုးနဲ့ ဖမ်းစား နိုင်ခဲ့ပြီး ဂီတလောကမှာ နေရာတနေရာ ရရှိထားခဲ့ပါတယ်။

အဲဒီတေးအယ်လ်ဘမ်နဲ့ပဲ ဝေလဟာ Myanmar Music Awards က ပေးအပ်ချီးမြှင့်တဲ့ "The Best Singer of the Year (Rock)"၊ The Best Creative Album of the Year (Rock)" နဲ့ "The Best Song of the Year (Rock)" ဆု ၃ ဆုကို ရရှိခဲ့ပါတယ်။

အဲဒီနောက်မှာ ထွက်ရှိလာခဲ့တဲ့ “အဓိပတိဖွား” တေးအယ်လ်ဘမ်ဟာလည်း ပရိသတ် လက်ခံအားပေးမှုနဲ့ ရေပန်းစားအောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့ပြီး ‘အတုများတဲ့ မြို့’ ဆိုလိုအယ်လ်ဘမ်ဟာလည်း လူကြိုက်များခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ သူ့ရဲ့ တကိုယ်တော် One Man Show ကို ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံမှာ အောင်အောင်မြင်မြင်နဲ့ တင်ဆက်နိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ထဲမှာတော့ “စာရိတ္တ” အမည်နဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့တာ အတွဲတေးအယ်လ်ဘမ်တွေ၊ တခြားသော တေးဂီတဖျော်ဖြေပွဲတွေမှာ သီဆိုအောင်မြင်နေသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013