
လွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေကို သတင်းမီဒီယာသမားတွေကို ရှင်းလင်းပြောကြားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူ့လွှတ်တော်သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဇွန် ၁၈ ရက်က ဖွဲ့စည်း လိုက်တယ်လို့ စစ်အာဏာရှင် ဩဇာခံ ပြည်သူ့လွှတ်တော်က ထုတ်ပြန်တာပါ။
ဒါပေမဲ့လည်း တဖက်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို သတင်းမီဒီယာတွေက တယ်လီဖုန်း နဲ့ ဆက်သွယ်မေးမြန်းတာတွေကို မဖြေဆိုဖို့ ဒီအဖွဲ့ကို ဖွဲ့စည်းတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပြည်သူ့လွှတ်တော်သတင်းထုတ်ပြန်ရေးအဖွဲ့ကို အဖွဲ့ဝင် ၆ ယောက်နဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီက နန္ဒာလှမြင့်က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး ကြံ့ခိုင်ရေးပါတီကပဲ ဦးသိန်းထွန်းဦးက ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားပါတယ်။
ဒီသတင်းထုတ်ပြန်ရေးအဖွဲ့အနေနဲ့ လွှတ်တော်ရှိတဲ့နေ့တွေမှာ မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို မီဒီယာကော်နာမှာ နေ့စဉ် ရှင်းလင်းထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။










