မြဝတီလမ်းဟောင်း၌ တာဝါတိုင်အစောင့် ၂ ဦးကို ပစ်သတ်ပြီး အလောင်းအောက်မိုင်းထောင်
DVB
·
August 31, 2020

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကနေ မြဝတီမြို့ကိုသွားတဲ့ လမ်းအဟောင်းဘက်မှာရှိတဲ့ အလယ်ဘိုတဲအနီး တရုတ်ဖြူတောင်ဆက်သွယ်ရေးတာဝါတိုင်အစောင့် ဒုတပ်ကြပ် မြတ်မင်းဇော်နဲ့ တပ်သားညီညီသန့်တို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဩဂုတ် ၃၀ ရက်ညမှာ ပစ်သတ်သွားပါတယ်။
အခင်းဖြစ်ရာကို ရဲ၊ တပ်မတော်၊ ဌာနဆိုင်ရာနဲ့ နာရေးကူညီရေးအဖွဲ့တွေပူးပေါင်းပြီး သွားရောက်ခဲ့ကာ သေဆုံးသူရဲ့ရုပ်အလောင်းကို ဝိုင်းမတဲ့အချိန်မှာ အလောင်းအောက်မှာ ထောင်ထားတဲ့ မိုင်းပေါက်ကွဲမှု ထပ်ဖြစ်ပွားခဲ့ပါတယ်။
မိုင်းပေါက်ပွဲမှုကြောင့် တပ်ကြပ်ကြီး ၁ ဦးပွဲချင်းပြီးသေဆုံးကာ တပ်မတော်သား ၅ ဦးလောက်နဲ့ ရဲတပ်သား ၁ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။
အမည်မသိလက်နက်ကိုင်အဖွဲ့ဟာ တာဝါတိုင်အစောင့်ကို ပစ်သတ်ပြီးနောက် ဆက်သွယ်ရေး စက်ခန်းနဲ့ ဆိုလာအားသွင်းပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားပါတယ်။
အခု ဖြစ်စဉ်ဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ ကာယကံရှင်အဖွဲ့တွေရော၊ တပ်မတော်နဲ့ အာဏာပိုင်တွေဘက်ကပါ ထုတ်ဖော်ပြောတာမရှိသေးပါဘူး။
သတင်း - ဖိုးစီ