Home
မြန်မာသတင်း
ကေအန်ပီပီဘော်ဒါဆောင်က ၁၀ တန်းစာမေးပွဲအောင်မြင်သည့် ကျောင်းသားများကို ဂုဏ်ပြု
နော်နိုရင်း
·
August 24, 2020
118276080_10220776880265229_6723647182725428633_o
118403871_10220776881265254_6674896523001239535_o
118333923_10220776881505260_8721801252202901771_o
117714792_10220776879745216_7860555664747169198_o
၂၀၁၉-၂၀၂၀ ပညာသစ်နှစ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)က ဖွင့်လှစ်ထားတဲ့  ဆယ်တောရိုဘော်ဒါဆောင်နဲ့ မော့ဒူဒီးဘိုး ပညာရေးဘော်ဒါဆောင်မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်တဲ့ ကျောင်းသူ ကျောင်းသားတွေကို ဩဂုတ်လ ၂၂ ရက် ညနေပိုင်းက ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ အဆိုပါဘော်ဒါဆောင် ၂ ခုက တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သွားတဲ့ ကျောင်းသူ ကျောင်းသား ၉ ဦးကို ဂုဏ်ပြုဆုတွေနဲ့အတူ ဂုဏ်ပြုလက်မှတ်တွေကိုပါ ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ ကျောင်းသူကျောင်းသားတွေကို အလှူရှင်တွေရဲ့ အကူအညီနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ဆုငွေ ကျပ် ၂ သိန်းဆီ ချီးမြှင့်ပေးခဲ့သလို ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ ရပ်မိရပ်ဖတွေကလည်း ကျပ်ငွေ  ၅၀၀၀၀  စီချီးမြှင့်ပေးခဲ့ပါတယ်။  ဆုငွေပေးအပ်ချီးမြှင့်ရတာနဲ့ပတ်သက်ပြီး ကေအန်ပီပီအတွင်းရေးမှူး ဦးရွှေမျိုးသန့်က “ကလေးတွေက ဘာပဲပြောပြော ခက်ခက်ခဲခဲနဲ့ ဒီကျောင်းဆိုရင် ဒီပြည်နယ် သူတို့ဒေသမှာ အထက်တန်း အလယ်တန်းမရှိတဲ့ ကျောင်းသားလေးတွေကို ကျနော်တို့ တကူးတက ဒီမှာထား ပြီးတော့ ဒီမှာရှိတဲ့အနေအထားမှာ မိဝေးဖဝေးနဲ့ ကြိုးစားရုန်းကန်နဲ့ အောင်မြင်ခဲ့ရတာပေါ့လေ။ အဲဒီပေါ်မှာ သူတို့ကို ကျနော်တို့အားပေးသင့်တဲ့အတွက်ကြောင့်မို့လို့  ဒီအခမ်းအနားလေးတွေ စီစဉ်ပေးတာပေါ့။” အခု ၂၀၁၉-၂၀ ပညာသင်နှစ်မှာ ဆယ်တောရိုဘော်ဒါဆောင်ကနေ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၂၄ ဦးရှိခဲ့ပြီး ၆ ဦးအောင်မြင်ခဲ့ကာ တဦးကတော့ မနှစ်က အောင်မြင်သူဖြစ်ပါတယ်။ ဒါ့အပြင် မော့ဒူဒီးဘိုးဘော်ဒါဆောင်က ကျောင်းသူ ၂ ဦး စုစုပေါင်း ၉ ဦးကို ဂုဏ်ပြုချီးမြှင့်တာဖြစ်ပါတယ်။ ဆုရရှိတဲ့ ကျောင်းသားမောင်ဆန်းဒွေးကတော့ သူ့ဘဝမှာ စာမေးပွဲအောင်လို့ အခုလို ဆုချီးမြှင့်ခံရတာ ပထမဆုံးဖြစ်တယ်လို့ ပြောပါတယ်။  “ကျနော့်ဘဝမှာ ကျနော် ကျောင်းသားဖြစ်တဲ့ သူငယ်တန်းကတေ အခု ၁၀တန်းအထိ ပေါ့နော်။ ကျနော့်ကို အဲလိုမျိုး ကျနော်စာမေးပွဲအောင်လို့ အဲလိုမျိုး ချီးမြှင့်ပေးတာဆိုလို့ ဒီတခါပဲ ပထမဆုံးကြုံဖူးပါတယ်။ အဲခါကျတော့ကျနော် အခု အတိုင်းမသိ ဝမ်းသာမိပါတယ်။ အရမ်းလည်းပျော်ရွှင်မိပါတယ်။ အရမ်းလည်း ကျေးဇူးတင်ပါတယ်။” အခု ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာလည်း တက္ကသိုလ်ဝင်တန်းတက်ရောက်တဲ့ ကျောင်းသူ ကျောင်းသား ၄၈ ဦးကို လက်ခံထားပါတယ်။  ဆယ်တောရို လူငယ်ငြိမ်းချမ်းရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးရေးစင်တာကို  ကေအန်ပီပီက ဦးဆောင်ဖွင့်လှစ်ပေးထားတဲ့ ဘော်ဒါဆောင်ဖြစ်ပြီး အဓိကအားဖြင့်  ပြည်နယ်အတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုး ပေါင်းစုံ လူငယ်တွေရဲ့ အသိပညာ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရေးနဲ့  ပညာသင်ကြားနိုင်မှု အခွင့်အလမ်းဆုံးရှုံးနေတဲ့ လူငယ်တွေကို အဓိကထားပြီး ပညာသင်ကြားပေးနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ လူငယ်ငြိမ်းချမ်းရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးရေးစင်တာကိုစတင်တည်ဆောက်တဲ့  ၂၀၁၇ ခုနှစ်က ပြည်နယ်အစိုးရ တားမြစ်ခဲ့ဖူးသလို ဆယ်တောရိုဘော်ဒါဆောင်မှာ တက်ရောက်တဲ့ ကျောင်းသား/ကျောင်းသူတွေကို  ကျောင်းက လက်မခံဖို့အထိ ဖိအားပေးတာခံခဲ့ရဖူးတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။  ဆယ်တောရို လူငယ်ငြိမ်းချမ်းရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးရေးစင်တာဟာ ကယားပြည်နယ် ဖရူဆိုမြို့နဲ့ ၅ မိုင်ခန့်သာဝေးပြီး  ၁၃ ဧက ကျယ်ဝန်းပါတယ်။  အဆိုပါစင်တာမှာ တက်ရောက်တဲ့ကလေးအများစုဟာ ရပ်ဝေးဒေသက ကျောင်းသူ ကျောင်းသားတွေဖြစ်ပြီး အဲဒီဘော်ဒါဆောင်မှာနေထိုင်ကာ ဖရူဆို၊ ဒီးမော့ဆို အစရှိတဲ့ အထက်တန်းကျောင်းရှိတဲ့နေရာမှာ သွားရောက်ပညာသင်ယူနေကြတာဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024