Home
မြန်မာသတင်း
မန္တလေးတက္ကသိုလ်ဘောလုံးကွင်းပြုပြင်ရန် တောင်းခံသည့်စရိတ်များနေသည့်အပေါ် လွှတ်တော်၌ဝေဖန် 
DVB
·
August 19, 2020
မန္တလေးတက္ကသိုလ်ဘောလုံးကွင်းပြုပြင်ဖို့အတွက် ပညာရေးဌာနက  တောင်းခံတဲ့စရိတ်ဟာ  ကွင်းသစ်ဖောက်လုပ်ဖို့ ကုန်ကျစရိတ်ရဲ့ နှစ်ဆလောက်ရှိနေတယ်လို့ လွှတ်တော် အမတ် တဦးက ဝေဖန်ထောက်ပြ ပြောကြားလိုက်ပါတယ်။  ပညာရေးဝန်ကြီးဌာနရဲ့ ၂၀၂၀-၂၁ အမျိုးသားစီမံကိန်းဥပဒေကြမ်းနဲ့ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဩဂုတ် ၁၉ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအတွင်းမှာ လွှတ်တော်အမတ် ၁၄ ဦးက ပါဝင်ဆွေးနွေးခဲ့ပါတယ်။ အောင်မြေသာဇံမဲဆန္ဒနယ်က လွှတ်တော်အမတ် ဒေါက်တာလှမိုးလည်း ပါဝင်ဆွေးနွေးခဲ့ပြီး ဝန်ကြီးဌာနတွေအနေနဲ့ ခရိုင်အဆင့်မှာ ပယ်ဖျက်ခဲ့တဲ့ စီမံကိန်းတွေကို ပြည်ထောင်စု အဆင့် ဘတ်ဂျက်တောင်းခံရာပြန်လည်ထည့်သွင်းလာခဲ့တဲ့ ကိစ္စကို အဓိကထားဆွေးနွေးခဲ့တာပါ။ ဒေါက်တာလှမိုးရဲ့ ဆွေးနွေးမှုအတွင်းမှာ ပညာရေးဝန်ကြီးဌာနရဲ့ မန္တလေးတက္ကသိုလ် ပြုပြင်စရိတ်အတွက် ကျပ်သိန်း ၇၂၀၀ လျာထားတောင်းခံမှုလည်း ပါဝင်နေပါတယ်။ ဒေါက်တာလှမိုးက “လက်ရှိအနေအထားမှာတော့ ဘောလုံးကွင်းတစ်ကွင်း အဆင့်အတန်းနဲ့ အတန်သင့်ညီညွတ်နေတဲ့ဘောလုံးကွင်းကို ပြုပြင်စရိတ် ကျပ်သိန်းပေါင်း ၇၂၀၀ လျာထားတောင်းခံ ခဲ့တဲ့ စီမံကိန်းအတွက် တွက်ချက်မှုအသေးစိတ်စာရင်း အချိန်မီပေးအပ်ရန်တောင်းခံရာမှာလည်း ပေးအပ်နိုင်ခြင်းမရှိသည့်အတွက် စီမံကိန်းကို ခရိုင်အဆင့်မှာ ပယ်ဖျက်ခဲ့ရပါတယ်။ အခု ပြည်ထောင်စု လွှတ်တော်ကို တင်ပြချိန်မှာတော့ ခရိုင်အဆင့်ပယ်ဖျက်ခဲ့တဲ့ စီမံကိန်းကို ပြန်လည် ထည့်သွင်းလာပါတယ်။ ယခုစီမံကိန်းအတွက် တောင်းခံငွေဟာ ပွဲကြည့်စင်ပါဘောလုံးကွင်းသစ် တစ်ကွင်း ဖောက်လုပ်ခြင်း လုပ်ငန်းတန်ဖိုးရဲ့ နှစ်ဆရှိပါတယ်။ ဘောလုံးကွင်းပြင်ဆင်စရိတ် သိန်းပေါင်း ၇၂၀၀ အဆိုပြုတောင်းခံခြင်းဟာ တန်ဖိုးရှိလှတဲ့ ပညာရေးဘတ်ဂျက်အတွက် အလွန်စဉ်းစားသင့်ပါတယ်။ ”လို့ လွှတ်တော်အတွင်းဆွေးနွေးရာမှာ ပြောပါတယ်။ ယခင်ဘဏ္ဍာနှစ်တွေအတွင်းမှာ တစ်နိုင်ငံလုံးက တက္ကသိုလ်အသီးသီးမှာ ဘောလုံးကွင်းသစ် ဖောက်လုပ်တာနဲ့ ပွဲကြည့်စင်တည်ဆောက်တာ အပါအဝင်ကို သိန်းပေါင်း ၃၂၀၀ ပတ်ဝန်းကျင်သာ တင်ပြတောင်းခံခဲ့တာဖြစ်ပေမယ့် အခု မန္တလေးတက္ကသိုလ်ရဲ့ ဘောလုံးကွင်း ပြုပြင်စရိတ်ကိုတော့ သိန်းပေါင်း ၇၂၀၀ အထိ တင်ပြတောင်းခံထားတာလည်း ဖြစ်ပါတယ်။  အခုတောင်းခံမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်က ဥပဒေအတည်ပြုချိန်မှာ ကျပ်သိန်း ၁၃၀၀ ခန့်သာ ခွင့်ပြုသွားဖို့လည်းရှိနေပါတယ်။ ၂၀၂၀-၂၁ အမျိုးသားစီမံကိန်းဥပဒေကြမ်းနဲ့ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ တွေရဲ့ သဘောထားမှတ်ချက်တွေ၊ လွှတ်တော်အမတ်တွေရဲ့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ပြန်လည်ရှင်းလင်းမှုနဲ့ ဥပဒေကြမ်းအတည်ပြုခြင်းတွေကိုတော့ ဩဂုတ် ၂၁ ရက်မှာ ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024