DVB Logo
Home
မြန်မာသတင်း
မြောက်ဇာမရီသစ်တောကြိုးဝိုင်းတွင် သစ်မှောင်ခိုဂိုဏ်းများ အုပ်စုဖွဲ့ ရိုက်နှက်လုယက်နေ 
DVB
·
August 18, 2020
မြောက်ဇာမရီသစ်တောကြိုးဝိုင်းတွင် သစ်မှောင်ခိုဂိုဏ်းများ အုပ်စုဖွဲ့ ရိုက်နှက်လုယက်နေ 
1 / 9
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ​ပဲခူးရိုးမပေါ်က မြောက်ဇာမရီသစ်တောကြိုးဝိုင်းထဲမှာ သွားလာလုပ်ကိုင်နေသူတွေကို သစ်တောအတွင်း နေထိုင်ကျက်စားနေတဲ့ သစ်မှောင်ခိုသမားတွေက အုပ်စုဖွဲ့ပြီး ရိုက်နှက်လုယက်တာတွေရှိနေတယ်လို့ သစ်တောဦးစီးဌာနက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်ညပိုင်း မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာက လူ ၇ ဦး လက်ပံတန်းမြို့ဧရိယာအတွင်းက သစ်တောကြိုးဝိုင်းထဲမှာ ရိုက်နှက်လုယက်မှုတွေ ခံခဲ့ရတယ်လို့ လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနက ဦးစီးအရာရှိ ဦးအောင်ဇော်မင်းက ပြောပါတယ်။

“ကျနော်ကြားတာကတော့ ဆိုင်ကယ်သမားတွေကို သစ်တောသတင်းပေးဆိုပြီးတော့ ရိုက်တယ်။ ဆိုင်ကယ်တွေ ထုချေတယ်လို့ ကြားတယ်။ ဒီ​လူတွေကလည်း ဘယ်ကလဲ ဆိုတော့ မြို့ချောင်းကလို့ သိရတယ်။ ဒီအဖွဲ့တွေကလည်း ရှင်းရှင်းပြောရရင် ကျနော်တို့ သစ်တောဦးစီးဌာန ဝန်ထမ်းအင်အား အားနည်းချက်အပေါ်ကို အခွင့်ကောင်းယူပြီးတော့ ညဘက်မှာ အုပ်စုလိုက် လာပြီးတော့ အနိုင်ကျင့်လုပ်နေတာတွေ ကျနော်တို့ ကြားသိရတယ်။”

ပြီးခဲ့တဲ့နှစ်ကလည်း သစ်မှောင်ခိုသမားတွေနဲ့ သစ်တောရဲနဲ့ပဋိပက္ခ  ဖြစ်ပြီးတော့ သစ်တောရဲက ပစ်လို့ လူ ၁ ဦးသေဆုံးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 

သြဂုတ် ၈ ရက်နေ့ကဖြစ်စဉ်မှာတော့ မြောက်ဇာမရီကြိုးဝိုင်းအတွင်းမှာ မျှစ်ချိုး၊ဝါးခုတ်၊ နှီးထိုးလုပ်ငန်းသွားလုပ်တဲ့ ရွာသား ၇ ယောက်ကို လူ ၃၀ လောက်က ဝိုင်းဝန်းရိုက်နှက်ပြီး၊ ဆိုင်ကယ် ၇ စီး၊ မိုဘိုင်းဖုန်း ၆  လုံးနဲ့ ငွေကျပ် ၁ သိန်းကျော်ကို လုယူခံခဲ့ရတာပါ။ 

ရိုက်နှက်လုယက်ခံခဲ့ရသူတစ်ဦးရဲ့ ဖခင်ဖြစ်တဲ့ ဦးသန်းအောင်က“ စခန်းမှူးက သူ့တပည့်တပန်းတွေနဲ့ ရဲသားတွေနဲ့ အကုန်လုံး ဖမ်းဆီးဖို့ သွားတယ်။ ဖမ်းဆီးဖို့ ကားတွေဘာတွေလှည့်အကုန်လုံး ကျည်အသင့်​ထိုးပြီးသွားတယ်။ အဲ့လိုသွားတဲ့အခါမှာ လမ်းတစ်ဝက်လောက် ရွာရောက်ခါနီး ဆဲဆဲလောက်မှာ ခရိုင်ရဲမှူးရဲ့ ဖုန်းက စခန်းမှူးဆီကို ဝင်လာတယ်၊ စခန်းမှူးက ဖုန်းကို စပီကာဖွင့်ပြောတယ်၊ ကျနော်က စခန်းမှူးရဲ့နောက်က ထိုင်ခုံနောက်က နေရတော့ ဒီဖုန်းပြောတာကို အကုန်ကြားတယ်။ တကယ်ဖမ်းဆီးမဲ့ကိစ္စကို ဖမ်းမယ့်အချိန်မှာ ခရိုင်ရဲမှူးက စခန်းမှူးကို အမိန့်ပေးတယ်၊ မင်း အဲ့စစ်ဆင်ရေးကို ရပ်လိုက် ထပ်မလုပ်နဲ့ ဒီမဲကာလမှာ သွေးထွက်သံယို ​ထွက်လို့မဖြစ်ဘူး။ ဒီကိစ္စကို နောက်မှ အေးအေးဆေးဆေး အမှုဖွင့်ပြီး ဖမ်းဖို့ ဆီးဖို့ စဉ်းစားမယ်၊ အဲ့လိုပြောလည်းပြောရော စခန်းမှူးက အဘ ကျနော်ဒီကိစ္စကို မရပ်နိုင်ဘူး၊ သူတို့တွေက တော်တော် မိုက်ကြေးခွဲတာ၊ ရဲကိုလည်း စော်ကားတယ်၊ အဲ့လိုပြောတယ်။ ဒါပေမဲ့ ငါ မင်းအထက်က လူကြီး၊ ငါ့အမိန့်နာခံရမယ် ဆိုတော့ စခန်းမှူးကစိတ်လျှော့ပြီး နောက်ကြောင်း ပြန်လာခဲ့ရတာ"လို့ ပြောတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေပညာရှင်လည်းဖြစ်သလို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ယောက်လည်း ဖြစ်တဲ့ ဦးဝင်းကြိုင်က နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးမှုမှာ အရေးကြီးတဲ့ ပုဒ်မ ၃၉၅ ကို ကျူးလွန်ထိခိုက်စေပြီး နိုင်ငံတော်ရဲ့ သစ်တောသယံဇာတနဲ့ ပက်သက်လို့ တာဝန်ရှိသူတွေရဲ့ လုံခြုံမှု ကိုပါ ထိခိုက်စေတာကြောင့် သက်ဆိုင်ရာဌာနတွေအနေနဲ့ ထိရောက်စွာ ကိုင်တွယ်ဖော်ထုတ်အရေးယူသင့်တယ်လို့ ပြောတယ်။

"အဓိက ကတော့ နိုင်ငံပိုင်သယံဇာတပစ္စည်းတွေ ပတ်သက်တဲ့ ကိစ္စဖြစ်တယ်၊ နောက်တစ်ခုက လူစုလူဝေးနဲ့ အကြမ်းဖက်တယ်၊ ပစ္စည်းတွေလုယူတယ်၊ ထိခိုက်ဒဏ်ရာရအောင်ပြုလုပ်တယ်၊ အဲ့လိုဆိုရင် ၅ ဦး အထက် လူစုလူဝေးဆိုရင် ကျနော်တို့ ပြစ်မှုဆိုင်ရာဥပဒေအရ ပြောမယ်ဆိုရင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ  ၃၉၅ မှာ ဖော်ပြထားတဲ့ ဓားပြမှုနဲ့ ပက်သက်တဲ့လူစု​လူဝေးမျိုး၊ ဓားပြဆန်ဆန်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ တရားဥပဒေစိုးမိုးမှုအရ ကြည့်မယ် ဆိုရင် လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး၊” 

သြဂုတ်လ ၈ ရက်နေ့ ဖြစ်စဉ်နဲ့  ပက်သက်ပြီး လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါ အခုချိန်ထိ အမှုဖွင့်လှစ်ထားခြင်းမရှိလို့ သိရပါတယ်။

ဇူလိုင် ၂၇ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ သစ်တောဦးစီးအရာရှိ ဦးဝင်းမြင့်နိုင် ဦးဆောင်တဲ့ သစ်တောဦးစီးဌာနဝန်ထမ်း ၁၆ ယောက်နဲ့ သစ်တောရဲတပ်ဖွဲ့ဝင် ၂ယောက် ပါဝင်တဲ့အဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာ လက်ပံတန်း မြို့နယ်၊ဘန့်ဘွေးကုန်းဘိနယ်၊ မြောက်ဇာမရီကြိုးဝိုင်း အကွက်အမှတ် ၅ အတွင်းကနေ  တရားမဝင် ချိန်းဆော၂လက်နဲ့ အသံတိတ်ပြောင်းတပ်ထားတဲ့ သေနတ်ပြောင်းရှည် တစ်လက်ကို တွေ့ရှိ သိမ်းဆည်းခဲ့ရပါတယ်။

လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာန အနေနဲ့ ၂၀၁၇ ကနေ ၂၀၂၀ သြဂုတ်လအထိ သစ် တန် ၁၀၈၀ ကျော် ဖမ်းဆီးရရှိခဲ့ပြီး၊ ၂၀၁၉- ၂၀၂၀မှာတော့ ၅၁၂ တန်ကျော်ကို စံချိန်တင် ဖမ်းဆီးရမိခဲ့ပါတယ်။

လက်ပံတန်းမြို့နယ်မှာ စုစုပေါင်းသစ်တောဧရိယာ ၁၇၈၁၁၃ ဧက ရှိကာ၊ သစ်တောကြိုးဝိုင်း ၆ ခု ရှိပြီး၊ ​မြောက်ဇာမရီကြိုးဝိုင်း၊ တောင်ဇာမရီကြိုးဝိုင်း၊ ကဒင်ဘီးလင်းကြိုးဝိုင်း၊ မုက္ခါကြိုးဝိုင်း၊ ကျီးနီချောင်းကြိုးဝိုင်း၊ ညောင်ပင်ဇင်းကြိုးဝိုင်းတို့ ဖြစ်ပါတယ်။ မြောက်ဇာမရီသစ်တောကြိုးဝိုင်းကတော့  ဧက ၇၈၀၇၃ ရှိပြီး အုတ်ဖို၊ ကျောက်တံခါးမြို့နယ်တွေနဲ့ ထိစပ်နေပါတယ်။

သတင်း - ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013