DVB Logo
Home
မြန်မာသတင်း
နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့အခမ်းအနား ဦးဆောင်ကျင်းပသူအချို့ ဖမ်းဆီးခံရ
DVB
·
August 12, 2020
နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့အခမ်းအနား ဦးဆောင်ကျင်းပသူအချို့ ဖမ်းဆီးခံရ
Donate to DVB

နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မှာ ဦးဆောင်ကျင်းပတဲ့ စသိန်းဇော်မင်းနဲ့ ကရင်လူငယ် စောဆာကွာလာတို့ကို ကျောက်တံတားရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။

ဒီကနေ့ ဩဂုတ် ၁၂ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၇၀ ပြည့် ကရင်အမျိုးသား အာဇာနည်နေ့ အခမ်းအနားကို အာဏာပိုင်တွေကခွင့်မပြုဘဲ ပိတ်ပင်ထားတဲ့ကြားက ရန်ကုန်မြို့လယ်ရှိ  မဟာဗန္ဓုလပန်းခြံရှေ့မှာ ဒီကနေ့မနက်က ကျင်းပခဲ့တာမှာ ဦးဆောင်တဲ့လူငယ် ၂ ဦး ဖမ်းဆီး ခံရတာပါ။

သူတို့ နှစ်ဦးကို ငြိမ်းစုစီ ဥပဒေနဲ့ တရားစွဲတာဖြစ်ဖို့များတယ်လို့ လက်ရှိ ကျောက်တံတား ရဲစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ စသိန်းဇော်မင်းက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က  ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ ကျင်းပစဉ်က  ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံရတဲ့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ (DPW) အဖွဲ့ဝင် ဒေါ်စိန်ထွေးကိုလည်း ရဲတပ်ဖွဲ့က  ဒီကနေ့အခမ်းအနားမှာ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ 

သူ့ရဲ့ကိုယ်ရေးချက်အလက်တွေယူပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ 

ကရင်အာဇာနည်နေ့အခမ်းအနားကို  မွန်းလွဲ ၂နာရီအထိကျင်းပဖို့   မူလက စီစဉ်ထားပေမယ့် မနက် ၁၁ နာရီမှာ သိမ်းဆည်းဖို့နဲ့ အလံတွေပြန်ရုပ်သိမ်းဖို့  ရန်ကုန်တိုင်းရဲတပ်ဖွဲ့က လာရောက်ပြောဆိုတဲ့အတွက်  အခမ်းအနားကို သိမ်းဆည်းခဲ့ရပါတယ်။  

အခုနှစ်မှာ ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပနိုင်ဖို့ ကျောက်တံတားရဲစခန်းမှာ ငြိမ်းစုစီဥပဒေနဲ့အညီ၊ ကျန်းမာရေးနဲ့အညီ ကျင်းပမယ်လို့ အကြောင်းကြားစာတင်ခဲ့ပေမယ့် ရဲတပ်ဖွဲ့မှူးက လုံးဝခွင့်မပြုကြောင်း၊ ကိုဗစ်ကာလအတွင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က ကျင်းပတဲ့ပွဲတွေလည်းရှိခဲ့ကြောင်းနဲ့ ၈၈၈၈ အရေးတော်ပုံပွဲလုပ်ဆောင်ခဲ့တာကိုလည်း အားလုံးအသိဖြစ်ကြောင်း စသိန်းဇော်မင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ကရင်အာဇာနည်နေ့ အခမ်းအနားကို တိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက်မရဘဲ ကျင်းပခဲ့တာကြောင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှနဲ့ ကရင်လူငယ်စသိန်းဇော်မင်း၊ စောအဲလ်ဘက်ချို တို့ကို ကျောက်တံတားမြို့နယ်တရားရုံးက ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၂၀ နဲ့ အရေးယူခဲ့ပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံး-KWU ဒု-ဥက္ကဋ္ဌ နော်လားရှီးထူးက “ဒါတိုင်းရင်းသားတွေ အပေါ်မှာ ဖိနှိပ်တယ်ဆိုတာ လုံးဝထင်သာမြင်သာရှိတယ်ပေါ့နော်။ ကရင်အာဇာနည်နေ့ လုပ်တိုင်း ကို သူတို့က ပြဿနာအမျိုးမျိုးရှာတယ်။ ကရင်တွေကို ဖမ်းဖို့အတွက် ကြိုးစားတယ်။  ဦးဆောင်တဲ့ လူတွေကို အမြဲဒုက္ခပေးတယ်။ ကျမတို့ တိုင်းရင်းသားတွေကို ဖိနှိပ်တယ်။ တရားမျှတမှုလည်း မရှိဘူး။ တန်းတူအခွင့်အရေးတွေလည်း မရှိဘူးဆိုတာ တွေ့ရတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့ကို ကရင် အာဇာနည်နေ့အဖြစ် ကရင်တိုင်းရင်းသားတွေက သတ်မှတ်ပြီး နှစ်စဉ် အထိမ်းအမှတ် အခမ်းအနား ကျင်းပလေ့ရှိတာဖြစ်ပါတယ်။

ခင်ငြိမ်းချမ်း/နော်နိုရင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013